အီတလီအသင်းရဲ့ ဝါရင့် ကစားသမားကြီး လီယိုနာဒိုဘနူချီက ဒီနေ့ညမှာ သူတို့အသင်းနဲ့ ရင်ဆိုင်သွားရမယ့် အင်္ဂလန်အသင်းမှာပါ ရွေးချယ်ထားခံခဲ့ရတဲ့ တိုက်စစ်ကစားသမား အိုင်ဗန်တိုနီရဲ့အကြောင်းကို သေချာသိရှိထားခြင်း မရှိကြောင်း ဝန်ခံသွားခဲ့ပေမယ့် တိုနီရဲ့ ဗီဒီယိုတွေကို လေ့လာပြီးနောက်မှာတော့ တိုနီက ရည်အသွေးမြင့် ကစားသမားတစ်ဦး ချီးမွမ်းသွားခဲ့ပါတယ်။

Ivan Toney in England training with Jack Grealish

Photo Credit : The Sun

ဘရန့်ဖို့ဒ်အသင်းမှာ ခြေစွမ်းကောင်းတွေ ပြသခဲ့ရင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ပထမဆုံးအကြိမ်အဖြစ် ရွေးချယ်ခံလာခဲ့ရတဲ့ တိုက်စစ်ကစားသမား တိုနီဟာ အခုဆိုရင် အီတလီနဲ့ ရင်ဆိုင်ရမယ့် Nations League ပွဲစဉ်မှာပဲ ပွဲဦးထွက် ကစားရဖွယ် ရှိနေပါတယ်။ အင်္ဂလန်အနေနဲ့ အသင်းတိုက်စစ်မှာ ဟာရီကိန်းလို တကယ့်အရည်အသွေးမြင့် ကစားသမားတစ်ဦး ရှိနေပေမယ့် ဒီပွဲမှာ နည်းပြဆောက်ဂိတ်က တိုနီကိုပါ နေရာပေးလာနိုင်သလားဆိုတာ စောင့်ကြည့်သွားချင်စဖွယ် ဖြစ်နေရပြီး တိုနီကလည်း သူသာ အင်္ဂလန်အတွက် ပွဲဦးထွက်ခွင့် ရရှိခဲ့မယ်ဆိုရင် ဘယ်လို စွမ်းဆောင်ပြနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Leonardo Bonucci will have to do his homework on Toney

Photo Credit : The Sun

တကယ်လို့ တိုနီသာ အင်္ဂလန်နဲ့အတူ ပွဲထွက်လာမယ်ဆိုရင်တော့ တစ်ဖက်မှာလည်း ဝါရင့် ခံစစ်မှူးကြီးတစ်ဦးဖြစ်တဲ့ ဘနူချီနဲ့ပါ ရင်ဆ်ိုင်သွားရမှာ ဖြစ်ပါတယ်။ တိုနီနဲ့ ရင်ဆိုင်သွားရမယ့် ဘနူချီက “ဟာရီကိန်းနဲ့ကတော့ ကျွန်တော်တို့တွေ ပွဲပေါင်းများစွာ ရင်ဆိုင် တွေ့ဆုံခဲ့ဖူးပါတယ်။ သူက ကြီးကျယ်ခမ်းနားတဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ကမ္ဘာပေါ်မှာရှိတဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်လို့ ကျွန်တော် ယုံကြည်တယ်။ ပြီးတော့ အသစ်တစ်ယောက်လား။ ကျွန်တော်တို့ ကြည့်ကြတာပေါ့။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကတော့ သူ့အကြောင်း ဗီဒီယိုတွေ ကြည့်ထားသေးတယ်။ သူက အရမ်းတော်တဲ့ ကစားသမားပါ။ အင်္ဂလန်မှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ကစားသမားတွေကို သတ္တိရှိရှိနဲ့ ကစားပေးခွင့်တဲ့ အကျိုးကျေးဇူးတွေကြောင့် သူတို့မှာ အားသာချက်တွေ ရှိနေရတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ အသက်(၂၆)နှစ်အရွယ်ရှိ အထောင်တိုက်စစ်ကစားသမား တိုနီဟာ ၂၀၂၀ခုနှစ်ကတည်းက ဘရန့်ဖို့ဒ်ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး မနှစ်ကမှ အသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို တတ်လှမ်းလာခဲ့ရင်း ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ပရီးမီးယားလိဂ်ဂိုး (၁၂)ဂိုး သွင်းယူနိုင်ခဲ့သလို အခုရာသီမှာလည်း ဟက်ထရစ်တစ်ကြိမ် အပါအဝင် (၅)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။