ကဲ ကျွန်တော်တို့တွေ ၄နှစ် စောင့်ဆိုင်းခဲ့ရတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲတွေက ပြီးဆုံးသွားခဲ့ပါပြီ။ ကမ္ဘာ့ဖလားပြိုင်ပွဲက ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဘောလုံးပြိုင်ပွဲ တခု ဖြစ်တာကြောင့် ပွဲစဉ်တိုင်းက အကြိတ်အနယ် ရှိခဲ့ပြီး ကစားသမားတွေကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နိုင်ငံပေါင်းစုံက အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြိုင်နိုင်အောင် အစွမ်းကုန် ကြိုးစား ကစားခဲ့ကြပါတယ်။ ဒီတခါမှာတော့ ကျွန်တော်က ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ပရိသတ်တွေ မှန်းထားသလို ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့တဲ့ ကြယ်ပွင့် ကစားသမားတွေကို စုစည်း ဖော်ပြသွားချင်ပါတယ်။

Photo Credit: Team Talk

၄။ ဒါဝင် နူနက်ဇ် (ဥရုဂွေး)

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘင်ဖီကာ ကနေ လီဗာပူးဆီ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒါဝင် နူနက်ဇ်က ကမ္ဘာ့ဖလားပြိုင်ပွဲ မစတင်မီမှာ ရွှေဖိနပ်ဆုကို ရဖို့ ရေပန်းအစားဆုံး ကစားသမား စာရင်းထဲမှာတောင် ပါဝင်ခဲ့တဲ့သူပါ။ ဒါပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာတော့ ဒါဝင် နူနက်ဇ်က မှန်းထားသလို ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့ပဲ အသင်းအတွက် အုပ်စုပွဲ ၃ပွဲလုံး ပါဝင် ကစားပေးခွင့် ရခဲ့ပေမယ့် သွင်းဂိုးရော ၊ ဂိုးဖန်တီးမှုပါ ရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

Photo Credit: Team Talk

၃။ သောမတ်စ် မူလာ (ဂျာမဏီ)

ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီရဲ့ သက်တော်ရှည် နောက်ချန် တိုက်စစ်မှူး သောမတ်စ် မူလာက ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ ကစားသမားတွေထဲက တယောက်ပါ။ မူလာက ဂျာမဏီနဲ့အတူ ပြိုင်ပွဲကြီးတွေ ဝင်ရောက် ယှဉ်ပြိုင်တိုင်း ခြေစွမ်းပြလေ့ ရှိပေမယ့် ဒီနှစ်မှာတော့ သူ့ရဲ့ ပုံမှန်ခြေစွမ်းအောက် ရောက်နေခဲ့ပြီး ဂျာမဏီ အတွက် အုပ်စုပွဲ ၃ပွဲစလုံး ပါဝင် ကစားပေးခွင့် ရခဲ့ပေမယ့် သွင်းဂိုးရော ၊ ဂိုးဖန်တီးမှုပါ ရအောင် မစွမ်းဆောင်နိုင်ခဲ့သလို သူ့ရဲ့ ဂျာမဏီကလည်း အုပ်စုအဆင့် ကနေ ထွက်ခွာခဲ့ရပါသေးတယ်။

Photo Credit: Goal

၂။ ခရစ္စတီယာနို ရိုနယ်ဒို (ပေါ်တူဂီ)

ကျွန်တော်တို့ လေးစား အားကျရတဲ့ ကစားသမားတွေထဲက တဦး ဖြစ်တဲ့ ခရစ္စတီယာနို ရိုနယ်ဒိုကလည်း ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်ပေမယ့် သူ့ရဲ့ ခြေစွမ်းကျဆင်းနေမှုကြောင့် ကမ္ဘာ့ဖလား အုပ်စုအဆင့်မှာ မှန်းထားသလို ခြေစွမ်းကောင်းတွေ မပြသနိုင်တဲ့ ကစားသမား စာရင်းထဲကို ပါဝင်လာခဲ့ပါတယ်။ အသက် ၃၈နှစ် အရွယ် ကစားသမား တယောက်ဆီ ကနေ ဘာတွေ မျှော်လင့်ထားလဲလို့ မေးခွန်းထုတ်နိုင်ပေမယ့် ရိုနယ်ဒိုဟာ ရိုနယ်ဒို ဖြစ်နေလို့ကို ကျွန်တော်တို့က ရိုနယ်ဒိုဆီ ကနေ ခြေစွမ်းကောင်းတွေ မြင်တွေ့ခွင့် ရဖို့ မျှော်လင့်မိခဲ့ကြတာပါ။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်တာကြောင့် ရိုနယ်ဒို တယောက် အားကုန်ထုတ် ကြိုးစား ကစားနေတာကို မြင်တွေ့ရပေမယ့် အသက်အရွယ်ကြောင့် လှုပ်ရှားမှုတွေ နှေးကွေးလာချိန်မှာ ရိုနယ်ဒိုဟာ သွင်းဂိုးတွေကို အရင်လို အလွယ်တကူ သွင်းယူနိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။ ဒါပေမယ့် သူ တယောက်ထဲ ဆယ်စုနှစ် တစုကြာ ထမ်းပိုးလာခဲ့တဲ့ ပေါ်တူဂီကို ဖာနန်ဒက် ၊ ရူဘင် ဒီယက်စ် ၊ ဘာနာဒို ဆေးလ်ဗားတို့လို ကစားသမားတွေကပါ ဝိုင်းထမ်းပေးခဲ့တာကြောင့် သူ့ရဲ့ ပေါ်တူဂီဟာ အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Goal

၁။ ကယ်ဗင် ဒီဘရိုင်း (ဘယ်လ်ဂျီယံ)

လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဘရိုင်းရဲ့ ဘယ်လ်ဂျီယံက ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အရှက်တကွဲ အကျိုးနည်း ဖြစ်ခဲ့ပြီး အုပ်စုအဆင့်ကနေပဲ အိမ်ပြန်ခဲ့ရပါတယ်။ ဒီဘရိုင်း ဦးဆောင်နေတဲ့ ဘယ်လ်ဂျီယံက လူကာကူ ၊ ဟာဇက် ၊ ကော်တွိုက်စ် ၊ တိုင်လီမန်းစ် စတဲ့ ကမ္ဘာ့အဆင့် ကစားသမားတွေ ပိုင်ဆိုင်ထားပေမယ့် ကစားသမားတွေ ကြားထဲမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် မထင်မှတ်ထားတဲ့ ကျရှုံးမှုနဲ့ ကြုံတွေ့ခဲ့ရတာပါ။ အထူးသဖြင့် ဒီဘရိုင်းရဲ့ အင်တာဗျူး တခုမှာ ပြောခဲ့တဲ့ စကားကြောင့် ဘယ်လ်ဂျီယံရဲ့ အသင်းတွင်းမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာခဲ့တာ ဖြစ်ပြီး ဒီဘရိုင်း ကိုယ်တိုင်ကလည်း သူ့ရဲ့ မှားပြောလိုက်မိတဲ့ စကားတခွန်းကြောင့် အသင်းတွင်းမှာ ပြဿနာ ဖြစ်သွားခဲ့တဲ့ အပေါ် စိတ်ဖိစီးနေတာကို ဘယ်လ်ဂျီယံရဲ့ နောက်ဆုံး အုပ်စုပွဲ ၂ပွဲမှာ မြင်တွေ့ခဲ့ရပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ရိုးရိုးအေးအေး နေတတ်တဲ့ ဒီဘရိုင်း တယောက် ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လုပ်တိုင်း မဖြစ်ခဲ့တာကိုတော့ ကျွန်တော်တို့တွေ လက်ခံရပါမယ်။