ရီးယဲလ် မက်ဒရစ်အသင်း နည်းပြကြီး ကားလို့ အန်ဆယ်လော့တီက ဘာနေဗျူးကွင်းမှာ ကစားသွားခဲ့တဲ့ အယ်လ်ကလက်စီကို ပွဲစဉ်အတွင်း ဘာစီလိုနာအသင်းကို (၄)ဂိုးပြတ်နဲ့ ရုပ်ပျက်ဆင်းပျက် ရှုံးနိမ့်ခဲ့ရတာခြင်းဟာ လိုင်လီအသင်းကို ချန်ပီယံလိဂ်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ခြင်းနဲ့ ပုံစံခြင်း မတူညီကြောင်း ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

ရီးယဲလ်အသင်းက ဒီရာသီမှာ ရှုံးပွဲ (၂)ပွဲသာ ကြုံတွေ့ထားခဲ့ရပြီး ပထမဆုံးရှုံးပွဲက လိုင်လီကို ချန်ပီယံလိဂ်မှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဒီပွဲကလည်း လိုင်လီလို အသင်းမျိုးကိုမှ ရှုံးခဲ့ရတာမို့ upset ရှုံးပွဲ ဖြစ်ခဲ့ရသလို အခုလည်း ဘာစီလိုနာကို ဒုတိယပိုင်းမှ (၄)ဂိုး အသွင်းခံရပြီး အပြတ်အသတ် အရှုံးပေးခဲ့ရလို့ မရှုမလှ ရှုံးပွဲ ဖြစ်ခဲ့ရပါတယ်။

Photo Credit : Managing Madrid

တကယ်တော့ ရီးယဲလ်က ဒီရာသီမှာ ကွင်းလယ်နဲ့ ခံစစ်ပိုင်း လိုအပ်ချက်တွေ ရှိနေပေမယ့် ဘာစီလိုနာနဲ့ မဆုံခင်အထိ လာလီဂါ (၁၀)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင်တော့ ကစားထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘာစီလိုနာနဲ့ ရင်ဆိုင်ရတဲ့ အယ်လ်ကလက်စီကိုမှာတော့ ပထမပိုင်းတုန်းက ရရှိခဲ့တဲ့ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ဘဲ ဒုတိယပိုငး်မှာ ပြိုင်ဘက်အသင်းရဲ့ အခွင့်အရေးများကို ခွင့်ပြုပေးခဲ့ရင်း ရှုံးပွဲကြုံလိုက်ရပါတယ်။

ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး နည်းပြကြီး အန်ဆယ်လော့တီက “ကျွန်တော်ရဲ့ game plan နဲ့ ပတ်သက်ပြီး နောင်တရစရာ မရှိပါဘူး။ ကျွန်တော် ဘောလုံးလောကမှာ ကျင်လည်လာခဲ့တာက (၄၈)နှစ်တောင် ရှိနေပြီဖြစ်လို့ ပထမပိုင်းတုန်းက ကျွန်တော်တို့အသင်းက ကစားတာ ကောင်းတယ်လို့ ကျွန်တော် ပြောခဲ့ရင် ဒါဟာ မှားယွင်းစရာ မရှိပါဘူး။”

Photo Credit : Fabrizio Romano

“နောက်ပြီး ဒီရှုံးပွဲက လိုင်လီအသင်းကို ချန်ပီယံလိဂ်မှာ ရှုံးခဲ့တဲ့ ရှုံးပွဲနဲ့လည်း ခြားနားချက် ရှိနေပါတယ်။ အဲ့ဒီပွဲတုန်းကတော့ ကျွန်တော်တို့က အရမ်းဆိုးရွှားတဲ့ ပုံစံမျိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။ ဒီပွဲမှာတော့ ကျွန်တော်တို့က သေချာယှဉ်ပြိုင်နိုင်ခဲ့ပါသေးတယ်။ ကျွန်တော်တို့က အခွင့်အရေးတွေ များစွာ လက်လွတ်ခဲ့ရပါတယ်။ သူတို့ဘက်က ဂိုးသွင်းလိုက်ချိန်မှာတော့ ကျွန်တော့်အသင်းသားတွေလည်း အင်အားကုန်ခမ်းသွားသလို ဖြစ်သွားရပါတယ်။”

“ဒီရှုံးပွဲအတွက် တကယ် နာကျင်ရပါတယ်။ ဒါက ခက်ခဲတဲ့ အခိုက်အတန့်လည်း ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ လက်မလျှော့ပါဘူး။ ဘောလုံးရာသီတစ်ခုလုံး ကုန်ဆုံးဖို့ဆိုတာကလည်း အများကြီး လိုပါသေးတယ်။ ကျွန်တော်တို့တွေ ဘာကာကို (၄)ဂိုးပြတ်နဲ့ ရှုံးခဲ့တုန်းကဆိုရင်လည်း ချန်ပီယံလိဂ်ဖလားနဲ့ လာလီဂါဖလားတို့ကိုပါ ရယူနိုင်ခဲ့ပါသေးတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။