မနေ့ညက အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ ပွဲစဉ်မှာ လီဗာပူးလ်က (၃)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရခဲ့ပေမယ့်လည်း လီဗာပူးလ် တိုက်စစ်ကစားသမား မိုဟာမက် ဆာလာကတော့ ဒီထက်မက ဂိုးပြတ်ခဲ့သင့်တာလို့ မှတ်ချက်ပြု ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရတဲ့ အင်္ဂလန်ဒါဘီ ပွဲစဉ်တိုင်းလိုလိုမှာ လီဗာပူးလ်အတွက် သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေ လုပ်ဆောင်လေ့ရှိတဲ့ ဆာလာက အခုပွဲမှာလည်း လူးဝစ် ဒီးယက်ဇ်ရဲ့ သွင်းဂိုးတွေအတွက် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သလို သူကိုယ်တိုင်လည်း တတိယမြောက်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါသေးတယ်။
Photo Credit : Football365
အခုဆိုရင် ဆာလာက အိုးထရက်ဖို့ဒ်ကွင်းမှာ အိမ်ရှင် ယူနိုက်တက်အသင်းဘက်ကို (၇)ဂိုးအထိတောင် သွင်းယူထားနိုင်ခဲ့သလို နည်းပြသစ် ဆလော့လက်အောက်မှာ အတောက်ပဆုံး ကစားသမားပါ ဖြစ်လို့နေပါတယ်။ လက်ရှိမှာလည်း ဆာလာက လီဗာပူးလ်အတွက် ပရီးမီးယားလိဂ် (၃)ပွဲ ကစားထားပြီးချိန်မှာ သွင်းဂိုး (၃)ဂိုးနဲ့ ဂိုးဖန်တီးမှု (၃)ကြိမ်အထိ လုပ်ဆောင်ပေးထားနိုင်ပါတယ်။
ယူနိုက်တက်ကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်နဲ့ ပတ်သက်ပြီး ဆာလာက “အရမ်းကောင်းမွန်တဲ့ ရလဒ်ပါပဲ။ ဒါဘီပွဲက ပရိသတ်တွေနဲ့ မြို့သူမြို့သားတွေအတွက် အရေးကြီးတယ်ဆိုတာ လူတိုင်းသိပါတယ်။ ကျွန်တော်တို့တွေ ဒီအတိုင်း ဆက်သွားရမှာ ဖြစ်ပြီးတော့ အမှတ်ပေးလိဂ်ဖလားအတွက် တိုက်ပွဲဝင်ချင်တယ်ဆိုရင် ပွဲတိုင်း အနိုင်ရဖို့ လိုပါတယ်။”
Photo Credit : This is Anfield
“ကျွန်တော် ဒီပွဲမှာ (၃)ဂိုးလုံး ပါဝင်ပတ်သက်နိုင်ခဲ့တာမို့ အရမ်း ပျော်ရွှင်မိပါတယ်။ နည်းပြကလည်း high press လုပ်စေချင်ပြီးတော့ ပြိုင်ဘက်အသင်းဘက်ကလည်း အမှားတွေ ရှိခဲ့တာကို ကျွန်တော်တို့ဘက်က အသုံးချနိုင်ခဲ့တယ်။ ဒါက ပွဲအတွက် စီစဉ်ထားတဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။”
“ဒီနေ့ပွဲက လွယ်ကူခဲ့လားဆိုတော့ ခင်ဗျား ပြောတာကို ကျွန်တော် ထောက်ခံပါတယ်။ ကျွန်တော် နည်းနည်းလေးတော့ အံ့သြမိခဲ့တယ်။ ဒီပွဲမှာ ကျွန်တော်တို့က (၅)ဂိုး (၆)ဂိုးလောက်အထိနဲ့ကို အနိုင်ရခဲ့သင့်တာ။” လို့ ပြောဆိုလိုက်ပါတယ်။ လက်ရှိမှာတော့ မိုဆာလာရဲ့ လီဗာပူးလ်အသင်းဟာ မန်စီးတီးနဲ့အတူ ရာနှုန်းပြည့် နိုင်ပွဲတွေ ရယူထားနိုင်ပြီး ခံစစ်ကလည်း ပေးဂိုးတစ်ဂိုးမှ ခွင့်မပြုထားရတဲ့အထိ အကောင်းဆုံး စွမ်းဆောင်ထားနိုင်ပါတယ်။