ဘုန်းမောက်ကို အကြိတ်အနယ် ကစားပြီး အိမ်ကွင်းမှာ ရှုံးနိမ်ခဲ့သလို နယူးကာဆယ်ကိုလည်း စိန့်ဂျိမ်းစ်ပတ်ခ်မှာ (6-1) ဆိုတဲ့ ရလဒ်မျိုးနဲ့ အရှက်တကွဲ အပြတ်အသတ်ကြီး ရှုံးနိမ့်ခဲ့ရပြီးနောက် စပါးအသင်းရဲ့ ယာယီနည်းပြ စတယ်လီနီရဲ့ အနာဂတ် အခြေအနေတွေက မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Teamtalk

နည်းပြ အန်တိုနီယိုကွန်တီနဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက် ကွန်တီရဲ့လက်ထောက်နည်းပြ စတယ်လီနီကို ယာယီနည်းပြအဖြစ် တာဝန်ပေးခဲ့ကာ ယခင် လက်ထောက်နည်းပြဟောင်း အသင်းသားဟောင်း ရိုင်ယန်မေဆန်ကို စတယ်လီနီရဲ့ လက်ထောက်အဖြစ် တာဝန်ပေးခဲ့ပါတယ်။ အခု စတယ်လီနီ ကိုင်တွယ်ခဲ့တဲ့ ပွဲစဥ် (၄)ပွဲအတွင်း နိုင်ပွဲက (၁)ပွဲတည်းသာ ရရှိခဲ့ပြီး နောက်ဆုံး (၂)ပွဲဆက်တိုက်ထိ ရှုံးပွဲဆက်ခဲ့ရပါတယ်။

Photo Credit : Twitter

အခု နယူးကာဆယ်အသင်းကို ခွက်ထိုးခွက်လန် ရှုံးနိမ့်ခဲ့ရပြီးနောက် စပါးဥက္ကဌ ဒန်နီရယ်လီဗီးက စတယ်လီနီ အပါအဝင် အသင်းတာဝန်ရှိသူများနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လာခဲ့ပြီး ရာထူးကနေ ထုတ်ပယ်လိုက်ဖို့ အခြေအနေ များနေတယ်လို့ သိရပါတယ်။ တကယ်လို့ စတယ်လီနီကို ရာထူးကနေ ထုတ်ပယ်လိုက်မယ်ဆိုရင် သူရဲ့လက်ထောက်ဖြစ်သူ မေဆန်ကိုပဲ ရာသီကုန်အထိ ယာယီနည်းပြအဖြစ် ထပ်မံ တာဝန်ပေးဖွယ် ရှိနေပါတယ်။ ရာသီအကုန်မှသာ အမြဲတမ်း နည်းပြရာထူးအတွက် ဆက်လက် ရွေးချယ်ဖွယ်ရှိပြီးလက်ရှိမှာတော့ နာဂယ်စမန်း လူးဝစ်အင်းနရစ်တို့အပြင် ဘန်လေနည်းပြ ဗင်းဆင့်ကွန်ပနီကိုပါ ပစ်မှတ်ထားလို့ နေပါတယ်။