မနေ့ညက ဝီဂန်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ FA Cup တတိယအဆင့်ပွဲစဉ်မှာ ပွဲထွက် ဂိုးသမားအဖြစ် အန်ဒရေ အိုနာနာကိုသာ ဆက်လက် အသုံးပြုသွားခဲ့တဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ လုပ်ရပ်ကို မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက ဒေါသထွက်လျက် ရှိနေပါတယ်။

ယူနိုက်တက်က ဒီနွေမှာ ဒီဂီယာကို အသင်းကနေ ထွက်ခွာခွင့်ပြုပြီး ဒင်းဟန်ဒါဆန်ကို ပဲလေ့စ်ဆီ ရောင်းချခဲ့ပြီးနောက် အင်တာကနေ အိုနာနာ နဲ့ ဖီနာဘာချီကနေ တူရကီ ဂိုးသမား ဘာယင်ဒါတို့ကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။

Photo Credit : Goal

ဂိုးသမား (၂)ဦးထိ ဖြည့်တင်းခဲ့ပေမယ့်လည်း တန်ဟက်ဂ်ကတော့ သူ့တပည့်အရင်းကြီးဖြစ်တဲ့ အိုနာနာကို ရာသီအစကနေ ဆက်တိုက် အသုံးပြုလျက် ရှိနေပြီး အိုနာနာရဲ့ လက်စွမ်းပိုင်းတွေ မတည်မငြိမ် ဖြစ်နေချိန်မှတောင် ဘာယင်ဒါကို နေရာမပေးပဲ အိုနာနာသာ အမြဲမပြတ် အသုံးပြုနေခဲ့ပါတယ်။

အခုလည်း အာဖရိကဖလားပြိုင်ပွဲ ရှိနေချိန်မှာတောင် ကင်မရွန်းအသင်းနဲ့ မပူးပေါင်းသေးတဲ့ အိုနာနာကို အသင်းရဲ့ FA Cup တတိယအဆင့် ပွဲစဉ်အထိပါ ဆက်လက် အသုံးပြုခဲ့ပြီး ဘာယင်ဒါကိုတော့ ချန်လှပ်မြဲ ချန်လှပ်နေသေးတဲ့ တန်ဟက်ဂ်ရဲ့ ဆုံးဖြတ်ချက်ကို ယူနိုက်တက် ပရိသတ်တွေ မေးခွန်းထုတ်လာကြပါတယ်။

 

Photo Credit : SPORTbible

ယူနိုက်တက် ပရိသတ်တွေက အိုနာနာကိုပဲ အမြဲ ကစားခွင့်ပေးနေမယ်ဆိုရင် ဘာကြောင့် ဘာယင်ဒါကို ခေါ်ခဲ့သေးတာလဲလို့ မေးခွန်းထုတ်ခဲ့ကြသလို အိုနာနာ အာဖရိကဖလား သွားရောက် ကစားနေချိန် အသင်းဂိုးပေါက်ကို တာဝန်ယူရမယ့် ဘာယင်ဒါအတွက် ပွဲကစားခွင့်ကို အခုလို ပွဲမျိုးမှာ ပေးသင့်တယ်လို့ပါ မှတ်ချက်ပြုလာကြပါတယ်။

နောက်ပြီး ဒီလိုသာ ပွဲကစားခွင့်တွေ ဆုံးရှုံးနေဦးမယ်ဆိုရင် ဘာယင်ဒါအနေနဲ့ ယူနိုက်တက်အသင်းကနေ ချက်ချင်းဆိုသလို ထွက်ခွာသွားသင့်တယ်လို့ အသင်းပရိသတ်တွေက တိုက်တွန်း ပြောဆိုထားကြပါတယ်။ ဒီလို ပြောဆိုနေပေမယ့်လည်း တန်ဟက်ဂ်ကတော့ စပါးနဲ့ ပွဲစဉ်အထိပါ အိုနာနာကိုပဲ ထပ်သုံးသွားဖွယ်သာ ရှိနေပါတယ်။