ဟယ်ရီကိန်းဟာ တော့တင်ဟမ် ဟော့စပါးကနေ ထွက်ခွာပြီး ဆုဖလား အာမခံချက်ကောင်းတွေရှိတဲ့ ဘိုင်ယန်မြူးနစ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ရာသီမှပဲ ကိန်းအတွက် ကံဆိုးမိုးမှောင်ကျပြီး ဆုဖလားလက်မဲ့ ရာသီနဲ့ပါ ကြုံတွေ့လိုက်ရပါတယ်။

တကယ်တော့ ဟယ်ရီကိန်းက ဘယ်လို တိုက်စစ်မှူးမျိုးလဲဆိုတာ သက်သေပြထားပြီးသား ကစားသမား ဖြစ်ပါတယ်။ စပါးမှာ ကာလရှည်ကြာ ပါဝင်ကစားခဲ့ရင်း ဆုဖလားလက်မဲ့ ဖြစ်ခဲ့ရပေမယ့် စပါးအသင်းရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမားပါ ဖြစ်လာခဲ့သလို ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကိုလည်း (၃)ကြိမ်အထိ ပိုင်ဆိုင်ခဲ့ပါသေးတယ်။

Photo Credit : Bavarian Football Works

တကယ့်ကို အရည်အသွေး ပြည့်ဝတဲ့ ကစားသမားမျိုး ဖြစ်နေပေမယ့် ဆုဖလားတွေ မပိုင်ဆိုင်နိုင်သေးတာက ကိန်းအတွက် တစ်ခုတည်းသော အားနည်းချက် ဖြစ်နေရပြီး အခုလည်း ဘိုင်ယန်လို ရာသီတိုင်း ဖလားတစ်လုံးလောက် ပြေးမလွတ်တဲ့ အသင်းနဲ့ပါ ဖလားလက်မဲ့ ဖြစ်ခဲ့ရပြန်ပါတယ်။

ဒါပေမယ့်လည်း ကိန်းက စပါးမှာ လုပ်ပြထားသလို ဘိုင်ယန်ကို ရောက်သွားတော့လည်း သွင်းဂိုးတွေကို ဆက်လက် သွင်းယူထားနိုင်ပြန်ပြီး ဒီရာသီထဲမှာ ဘိုင်ယန်အတွက် ပြိုင်ပွဲစုံ (၄၅)ပွဲကစားကာ (၄၄)ဂိုးအထိ သွင်းယူရင်း (၁၂)ဂိုးအထိပါ ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါသေးတယ်။

15 Players in Contention to Win 2023-24 European Golden Shoe Award

Photo Credit : GiveMeSport

ဒါ့အပြင် ဘွန်ဒက်စ်လီဂါမှာလည်း (၃၆)ဂိုးအထိတောင် သွင်းယူထားတာဖြစ်လို့ ဒုတိယနေရာက စတုဂတ် တိုက်စစ်မှူး ဂွီယာဆေးထက် (၁၀)ဂိုး သာလို့နေပြီး ဥရောပ ရွှေဖိနပ်ဆုအတွက် rankings မှာလည်း ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ကီလီယန် ဘာပေထက် (၉)ဂိုးအထိ အသာရနေပါတယ်။

ဒါကြောင့် ဒီရာသီမှာ ဆုဖလားတွေနဲ့ ထပ်ပြီး လွဲချော်ရပြန်တဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းဟာ သူရဲ့ ဘွန်ဒက်စ်လီဂါ ကစားသမားဘဝ တာအထွက်မှာပဲ ဘွန်ဒက်စ်လီဂါ ရွှေဖိနပ်ဆုအပြင် ကစားသမားဘဝတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မပိုင်ဆိုင်ဖူးသေးတဲ့ ဥရောပ ရွှေဖိနပ်ဆုတို့ကို ပိုင်ဆိုင်သွားရပါတော့မယ်။