၂၀၂၂-၂၀၂၃ ဘောလုံးရာသီကို ပြီးခဲ့တဲ့ weekend ကမှ စတင်ခဲ့တာ ဖြစ်ပေမယ့် ဘောလုံးပရိသတ်တွေရဲ့ သည်းခြေကြိုက် ဘောလုံးပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ခြေစစ်ပွဲတွေကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက တစ်ဆင့်ပြီးတစ်ဆင့် ယှဉ်ပြိုင်လာခဲ့ရာ အခုတော့ နောက်ဆုံးအဆင့်ထိကို ရောက်ရှိလာခဲ့ရပြီ ဖြစ်ပါတယ်။ ခြေစစ်ပွဲ နောက်ဆုံးအဆင့်ဖြစ်တဲ့ ပလေးအော့အဆင့်ကို တတ်လှမ်းထားနိုင်တဲ့ အသင်းတွေဟာလည်း ဘောလုံးပရိသတ်တွေ ရင်းနှီးပြီးသား အသင်းတွေ ဖြစ်နေတာကြောင့် ဒီအသင်းတွေထဲကမှ ဘယ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ပိုင်ဆိုင်နိုင်မလဲဆိုတာ ရင်ခုန်စရာကောင်းနေရပါတယ်။

UEFA Champions League group stage draw: Where is it, when is it, who is  involved? | UEFA.com

Photo Credit : UEFA

ချန်ပီယံလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲ တတိယအဆင့်မှာ နာမည်ကျော် ကလပ်အသင်းတွေဖြစ်တဲ့ ဘင်ဖီကာ PSV ရိန်းဂျားစ် ဒိုင်နမိုကိဗ်တို့အပြင် ဘိုဒယ်ဂလင့် မက္ကာဘီဟိုင်ဖာ ဗစ်တိုးရီးယားပယ်လ်ဇန် ဇဗက်ဒါအသင်းတွေလည်း ခြေစစ်ပွဲ အသီးသီး အောင်မြင်သွားခဲ့ရပါတယ်။ လီဂူး ထိပ်သီးကလပ် မိုနာကိုကတော့ တတိယအဆင့်မှာပဲ PSV ကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ လွဲချော်သွားခဲ့ရပါတယ်။

Photo Credit : ESPN

ပလေးအော့အဆင့်မှာတော့ ကာရာဘတ် နဲ့ ဗစ်တိုးရီးယားပယ်လ်ဇန် ၊ ဘိုဒယ်ဂလင့် နဲ့ ဒိုင်နမိုဇာဂရက် ၊ မက္ကာဘီဟိုင်ဖာ နဲ့ ဇဗက်ဒါ ၊ ကိုပင်ဟေဂင် နဲ့ ထရက်ဇွန်စပေါ ပွဲတွေအပြင် ဒိုင်နမိုကိဗ် နဲ့ ဘင်ဖီကာ ၊ ရိန်းဂျားစ် နဲ့ PSV တို့လို ပွဲကြီးပွဲကောင်းတွေလည်း ပါဝင်နေပါတယ်။ ဒီပွဲစဉ်တွေကိုတော့ ပထမအကျော့နဲ့ ဒုတိယအကျော့ နှစ်ကျော့ခွဲ ယှဉ်ပြိုင်စေမှာဖြစ်ပြီး ပထမအကျော့ကို သြဂုတ်(၁၆၊၁၇)နဲ့ ဒုတိယအကျော့ကိုတော့ သြဂုတ်(၂၃၊၂၄)ရက်တွေတွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပလေးအော့အဆင့်ပွဲစဉ်တွေ အားလုံးပြီးဆုံးသွားရင်တော့ သြဂုတ်(၂၅)ရက်နေ့မှာပဲ ပြိုင်ပွဲဝင် (၃၂)သင်းကို (၄)သင်းတစ်အုပ်စုစီ မဲခွဲ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရီးယဲလ်မက်ဒရစ် ဖရန့်ဖတ် မန်ချက်စတာစီးတီး အေစီမီလန် ဘိုင်ယန်မြူးနစ် ပီအက်စ်ဂျီ ပေါ်တို အိုင်းယတ်စ် လီဗာပူးလ် ချယ်လ်ဆီး ဘာစီလိုနာ ဂျုဗင်တပ်စ် အသက်လက်တီကိုမက်ဒရစ် လိုက်ပ်ဇစ် တော့တင်ဟမ်ဟော့စပါး ဒေါ့မွန် ရက်ဘူးဆာလ်ဇ်ဘာ့ဂ် ရှက်တာဒိုးနက် အင်တာမီလန် နာပိုလီ စပို့တင်းလစ္စဘွန်း လေဗာကူဆင် မာဆေးလ် ကလပ်ဘရုဂျက်နဲ့ ဆဲလ်တစ်အသင်းတွေက ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ဆင်နွဲခွင့် ရရှိထားတာ ဖြစ်ပါတယ်။