လီဗာပူးလ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ အာနယ် ဆလော့က လီဗာပူးလ်မှာ သူ လက်ရှိ ရင်ဆိုင်သွားရမယ့် စိန်ခေါ်မှုက လာမယ့်ဘောလုံးရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့်(၃)ထက် ပိုမို မြင့်မားတဲ့ အဆင့်ရပ်တည်မှုဆီ ပို့ဆောင်ပေးနိုင်ဖို့ ဖြစ်တယ်လို့ အသင်းနဲ့ ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့တဲ့ အင်တာဗျူးမှာ ပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းက သူတို့အသင်းကို ကာလအတန်ကြာ ကိုင်တွယ်ခဲ့ပြီး အောင်မြင်မှုတွေများစွာ ရယူပေးခဲ့တဲ့ နည်းပြကြီး ယာဂန် ကလော့ပ်နဲ့ လက်တွဲဖြုတ်လိုက်ရပြီ ဖြစ်တာကြောင့် နယ်သာလန် ထိပ်သီးကလပ် ဖိုင်ယင်နော့အသင်းရဲ့ နည်းပြဖြစ်သူ အာနယ် ဆလော့ပ်ကို ကလော့ပ်နေရာမှာ အစားထိုးဖို့အတွက် ရွေးချယ်ခန့်အပ်ခဲ့ပါတယ်။

Photo Credit : Liverpool FC

အခုတော့ လီဗာပူးလ်နည်းပြသစ် ဖြစ်လာခဲ့တဲ့ နည်းပြဆလော့ပ်က သူရဲ့လီဗာပူးလ်နည်းပြဘဝ ပထမဆုံးသော အင်တာဗျူး အစီအစဉ်မှာ လီဗာပူးလ်အကြောင်း သူ့အကြောင်းတွေကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ “လီဗာပူးလ်အသင်းဆီ ပြောင်းရွှေ့လာဖို့က ကျွန်တော့်အတွက်တော့ ခက်ခဲတဲ့ ရွေးချယ်မှုမျိုး မဟုတ်ခဲ့ဘူး။ ကျွန်တော်ပြောခဲ့သလို ဖိုင်ယင်နော့မှာ ကျွန်တော် တကယ်ကို ပျော်ရွှင်ခဲ့ရပေမယ့်လည်း ကျွန်တော့်ဆီ ရောက်လာတဲ့ အခွင့်အရေးကတော့ ကျွန်တော် ယူကိုယူရမယ့် အခွင့်အရေးပါပဲ။”

“နည်းပြကြီး ကလော့ပ်ကလည်း ကျွန်တော့်ကို အကြံညဏ်ကောင်းတွေ အများကြီး ပေးပါတယ်။ ဒါပေမယ့် ကျွန်တော့်အတွက် ထူးခြားတာတစ်ခုကတော့ သူ ကျွန်တော့်အတွက် အရမ်းကို ပျော်ရွှင်နေတာပါပဲ။ နောက်ပြီး ဒါကိုလည်း သူက မီဒီယာတွေမှာပါ ပြောထားခဲ့သေးတယ်လို့ ကျွန်တော် ထင်ပါတယ်။ သူက လီဗာပူးလ်ကို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံ အားပေးနေမယ့်သူ ဖြစ်တာကြောင့် သူက ကျွန်တော်ရဲ့ အမာခံ ပရိသတ်တစ်ယောက်လည်း ဖြစ်လာမှာပါ။”

Photo Credit : Anything LFC

“လီဗာပူးလ်ကလည်း တကယ့်ကို အသင်းကောင်း ၊ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်း။ ထိပ်တန်းအဆင့်တွေမှာ အချိန်အကြာကြီး ရပ်တည်နိုင်အောင် စီစဉ်ထားနိုင်ခဲ့တယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အသင်းပရိသတ်တွေက လီဗာပူးလ်အသင်းကို အဆင့်(၃)နေရာထက် နည်းနည်း ပိုမြင့်မားတဲ့ အဆင့်ရပ်တည်မှုမျိုးမှာ မြင်ချင်ကြမယ်လို့ ထင်ပါတယ်။ ဒါက အခု ကျွန်တော် ရင်ဆိုင်သွားရမယ့် စိန်ခေါ်မှုပါ။”

“ကျွန်တော်တို့ရဲ့ ကစားဟန်ကို မကြာခင်မှာပဲ အကောင်အထည် ဖော်ချင်ပါတယ်။ ဘောလုံးတွေ အများကြီးရဖို့နဲ့ အင်တိုက်အားတိုက် ကစားဖို့ စီစဉ်ထားပါတယ်။ အသင်းပရိသတ်တွေကလည်း နိုင်ပွဲရဖို့ ဘာမဆို လုပ်ဆောင်နေတဲ့ အသင်းရဲ့ ကစားပုံကို ကြည့်ရှုရတာ နှစ်သက်မှာပါ။ တကယ်လို့ ခက်ခက်ခဲခဲနဲ့ ကစားနေရတယ်ဆိုရင်လည်း ပွဲကို အလှည့်အပြောင်း ဖြစ်သွားအောင် ဘာမဆို လုပ်ဆောင်မှာပါ။” လို့ ဆလော့က ပြောဆိုသွားခဲ့ပါတယ်။