ချယ်လ်ဆီးအသင်းနည်းပြ မော်ရစ်စီယို ပိုချက်တီနိုက သူတို့အသင်းအနေနဲ့ လီဗာပူးလ်အသင်းကို စံနမူနာထားပြီး ရှေ့လျှောက်မှာ ယုံကြည်မှုရှိရှိနဲ့ ဆက်လက် ယှဉ်ပြိုင်ကစားသွားနိုင်ဖို့က အရေးကြီးတယ်လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ လီဗာပူးလ်တို့ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကပဲ ဝင်ဘာလေကွင်းမှာ လိဂ်ဖလား ဗိုလ်လုပွဲစဉ်ကို ဆင်နွဲခဲ့ကြပြီး ယာဂင် ကလော့ပ်ရဲ့ လီဗာပူးလ်က အဓိက ကစားသမားတွေ အများအပြား မပါဝင်ပဲ အရန်တွေ လူငယ်တွေနဲ့ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးကို အနိုင်ယူပြီး (၁၀)ကြိမ်မြောက် လိဂ်ဖလား ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။

Photo Credit : Football London

လက်ရှိမှာ ပိုချက်တီနိုရဲ့အသင်းက ဖလားတစ်လုံးအပြင် အဲ့ဒီဖလားကနေ ရလာမယ့် ဥရောပဝင်ခွင့် တစ်နေရာစာကိုပါ လက်လွတ်လိုက်ရပြီ ဖြစ်သလို အက်ဖ်အေဖလား တစ်ခုတည်းသာ မျှော်လင့်ချက် ရှိနေတော့ကလည်း ချယ်လ်ဆီးအတွက်တော့ အတော်လေး ခက်ခဲစေရနိုင်ပါတယ်။

ဒီအခြေအနေမှာ ချယ်လ်ဆီးနည်းပြ ပိုချက်တီနိုက “လွန်ခဲ့တဲ့ (၃) (၄)နှစ်လောက်တုန်းကဆိုရင် လီဗာပူးလ်အသင်းက ချန်ပီယံလိဂ် ဖိုင်နယ်နဲ့ ယူရိုပါလိဂ် ဖိုင်နယ်တွေမှာ ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့တွေက သူတို့အသင်းရဲ့ ပရောဂျက်အပေါ် ယုံကြည်မှု အပြည့်ရှိပြီး နောက်ရာသီတွေမှာ အင်ပြည့်အားပြည့်နဲ့ ကစားခဲ့တော့ သူတို့နဲ့ ထိုက်တန်တာတွေကို ရရှိလာပါလေရော။”

Photo Credit : Reuters

“ဒါက အရမ်းကောင်းမွန်လှတဲ့ ဥပမာတစ်ခုပါပဲ။ ကျွန်တော်တို့အသင်းအနေနဲ့ လီဗာပူးလ်လို အသင်းမျိုးနဲ့ ယှဉ်ပြိုင်သွားချင်တယ်ဆိုလို့ရှိရင် ဆုဖလားတွေ မရသေးတဲ့အပေါ်မှာ ကျွန်တော်တို့ စိတ်ပျက် ညည်းတွားနေလို့ မရပါဘူး။”

“လီဗာပူးလ်အသင်း သူတို့ ပရောဂျက်အပေါ် ယုံကြည်မှု ထားခဲ့တာကို ကျွန်တော်တို့အနေနဲ့ နမူနာယူရပါလိမ့်မယ်။ ဒါက ဘောလုံးမှာ အရေးကြီးတဲ့ အရာတစ်ခုပါပဲ။” လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ ဒီလို ပြောဆိုမှုတွေ ရှိခဲ့ပေမယ့်လည်း ပိုချက်တီနိုအနေနဲ့ သူ့အနာဂတ် အခြေအနေအတွက် လက်ကျန် ပရီးမီးယားလိဂ်ပွဲတွေနဲ့ အက်ဖ်အေဖလားပွဲတွေမှာ ရလဒ်ကောင်းတွေ ယူဆောင်ပေးနိုင်ဖို့ မဖြစ်မနေ လုပ်ဆောင်ပေးသွားရဖို့လည်း ရှိနေပါတယ်။