မန်ချက်စတာ ယူနိုက်တက်အသင်းက လီဗာပူးလ်အသင်းကို (၄)ဂိုး (၃)ဂိုးနဲ့ အနိုင်ယူခဲ့တဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ် ပွဲစဉ်ထဲ ပွဲသိမ်း အနိုင်ဂိုးကို သွင်းယူခဲ့သူ အာမတ် ဒီယာလိုက အဲ့ဒီသွင်းဂိုးဟာ သူ့အတွက်တော့ ယုံကြည်မှုပေါင်းများစွာကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အိုင်ဗရီကို့စ် လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား အာမတ်ဟာ ဒူးဒဏ်ရာကြောင့် ရာသီဝက်ခန့်လောက်အထိ အနားယူခဲ့ရပြီး ဒဏ်ရာက သက်သာလာချိန်မှာတောင် ပွဲကစားခွင့်က အကန့်အသတ်နဲ့သာ ကစားခဲ့ရပါတယ်။

Photo Credit : Caught Offside

ယူနိုက်တက် တိုက်စစ်ပိုင်းမှာ နောက်ဆုံး ဦးစားပေးအဖြစ် ကစားနေရတဲ့ အာမတ်ဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် (၄)ပွဲသာ ကစားထားရသေးပြီး သူရဲ့ ဒီရာသီ ပထမဆုံးဂိုးကိုတော့ အခု လီဗာပူးလ်နဲ့ပွဲမှသာ သွင်းယူနိုင်ခဲ့တာဖြစ်ကာ ဒီဂိုးကြောင့် အသင်းကပါ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းခဲ့ရပါတယ်။

ဒီသွင်းဂိုးနဲ့ ပတ်သက်ပြီး အာမတ်က “ဒီဂိုးက ကျွန်တော့် ကစားသမားဘဝရဲ့ အကောင်းဆုံးဂိုးတစ်ဂိုးလို့ ကျွန်တော် ထင်မိပါတယ်။ ဒါပေမယ့် ဂိုးသွင်းပြီးချိန်မှာတော့ ကျွန်တော် အဝါကတ်ပြသခံထားရတယ် ဆိုတာကို မေ့လျှော့နေခဲ့မိတယ်။ ဒါကြောင့် ဒါက ကျွန်တော့်ကို စိတ်ပျက်မိခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်ရဲ့ အိမ်မက်တွေကတော့ တကယ်ဖြစ်လာခဲ့ရပါတယ်။”

Photo Credit : theScored

“ဒီသွင်းဂိုးက ကျွန်တော့်ကို ယုံကြည်မှုတွေ အများကြီး ပေးစွမ်းနိုင်ပါလိမ့်မယ်။ ဒီအတိုင်းလေးပဲ ကျွန်တော် ဆက်သွားချင်ပါတယ်။ ကျွန်တော် အရမ်းလည်း ပျော်ရွှင်ပါတယ်။ ဒီဂိုးက အသင်းနိုင်ပွဲအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍာကနေပါ ပါဝင်ခဲ့ရပါတယ်။ တကယ်တော့ ကျွန်တော့်ဆီ ရောက်လာတဲ့ ဘောလုံးကို ဂါနာချိုဆီ ပြန်ပေးလိုက်ချင်ခဲ့တာ။”

“ဒါပေမယ့် ကျွန်တော် ခံစစ်မှူးကို မြင်ထားလို့ ကိုယ့်ဘာသာပဲ သွင်းလိုက်တော့တာ။ ဒါက တကယ်ကို မယုံကြည်နိုင်စရာပါ။ ဒီအသင်းအတွက် ပွဲပြီးခါနီး အနိုင်ဂိုး သွင်းပေးလိုက်ရတာက အိမ်မက်ကြီး မက်နေရသလိုပါပဲ။ အသင်းပရိသတ်တွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ဒီပွဲက ဒီရာသီရဲ့အကောင်းဆုံးတွေထဲက တစ်ပွဲဖြစ်လို့ ဒီအတိုင်း ဆက်သွားချင်ပါတယ်။” ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။