အာဂျင်တီးနား ကစားသမားဟောင်းကြီးဖြစ်တဲ့ ကားလို့စ် တီဗက်ဇ်က သူ့ရဲ့ နှုတ်ဆက်ပွဲအတွက် သူ့အသင်းဖော်တွေ ဖြစ်ခဲ့ဖူးတဲ့ လီယွန်နယ် မက်ဆီနဲ့ ခရစ္စတီယာနို ရော်နယ်ဒိုတို့လို ဘောလုံးလောကရဲ့ GOAT ကြီး နှစ်ဦးလုံးကို အတူစုစည်းမယ်လို့ ကတိပြုခဲ့ပါတယ်။

ဘောလုံးသမားဘဝကနေ အနားယူထားတဲ့ တီဗက်ဇ်က သူ့ရဲ့ နှစ်နှစ်ဆယ်နီးပါး ကြာရှည်ခဲ့တဲ့ ကစားသမားဘဝကို ဂုဏ်ပြုတဲ့အနေနဲ့ ဘိုကာဂျူနီယာရဲ့ ဂန္ထဝင်ဘောလုံးကွင်းကြီး လာဘွန်ဘိုနီရာမှာ နှုတ်ဆက်ပွဲကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီပွဲမှာ ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး အိုင်ကွန်နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို အတူတကွ ပါဝင်ကစားစေဖို့ ရည်မှန်းထားပါတယ်။

Photo Credit : Santa Fe Deportivo

မက်ဆီနဲ့ တီဗက်ဇ်တို့ဟာ အာဂျင်တီးနားလက်ရွေးစင်အသင်းမှာ ဆယ်စုနှစ်တစ်ခုကြာ လက်တွဲကစားခဲ့ကြပါတယ်။ သူတို့ရဲ့ ပထမဆုံး အဓိကပြိုင်ပွဲအတူတကွ ပါဝင်ခဲ့တာကတော့ ၂၀၀၆ ခုနှစ် ဂျာမနီမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်ပြီး ၂၀၁၀ တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ ပြိုင်ပွဲအပြင် ၂၀၀၇၊ ၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ကျင်းပခဲ့တဲ့ ကိုပါအမေရိကဖလား ပြိုင်ပွဲသုံးခုမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

တီဗက်ဇ်နဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ဆက်ဆံရေးကတော့ ၂၀၀၇ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ မန်ချက်စတာ ယူနိုက်တက်မှာ ကစားခဲ့တဲ့ အမှတ်ရစရာ ကာလအတွင်းက ရရှိခဲ့တာပါ။ ရော်နယ်လ်ဒို၊ ဝိန်း ရွန်းနီတို့နဲ့အတူ တီဗက်ဇ်ဟာ ကြောက်မက်ဖွယ် တိုက်စစ်အတွဲအဖြစ် ပုံဖော်ရာမှာ ပါဝင်ခဲ့ပါတယ်။။ သူတို့အတူတကွ အိုးလ်ထရက်ဖို့ဒ်မှာ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်ဆက်တိုက်၊ ၂၀၀၈ ချန်ပီယံလိဂ်ဖလားနဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Photo Credit : Goal

Olga နဲ့ အင်တာဗျူးမှာ တီဗက်ဇ်က သူ့ရဲ့ အိပ်မက်ဆန်ဆန် နှုတ်ဆက်ပွဲအတွက် ဖိတ်ကြားမယ့်သူတွေအကြောင်းကို “လီယွန်နယ် မက်ဆီ ခရစ္စတီယာနို သူတို့ကို ကျွန်တော်တို့ ခေါ်လာမှာပါ။ ကျွန်တော်ကိုယ်တိုင် သွားခေါ်မှာပါ။ သူတို့နံပါတ်တွေ ကျွန်တော် WhatsApp မှာ သိမ်းထားတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် “တစ်ဖက်မှာ အက်ဒ်ဝင် ဗန်ဒါးဆား၊ နောက်တစ်ဖက်မှာ ဂျန်လူဝီဂျီ ဘူဖွန်နဲ့ ဂိုးသမားနေရာမှာ ထားမယ်။”

“ခံစစ်မှာတော့ ရီယို ဖာဒီနန်၊ နီမန်ဂျာ ဗီဒစ်၊ ဂျော်ဂျီယို ချီယယ်လီနီ၊ လီယိုနာဒို ဘနူချီတို့ကို ခေါ်မယ်။ ပတ်ထရစ် အီဗရာ၊ ကျွန်တော့်ညီကို၊ သူ ဒီမှာ ရှိရမယ်။ ကွင်းလယ်မှာ အန်ဒရီယာ ပီယာလို၊ ပေါလ် စခိုး၊ ရိုမန် (ရီကွဲလ်မီ) ကတော့ မပါမဖြစ်ပါ။ ရွန်းနီကလည်း ပါမှာပါ။” လို့လည်း တီဗက်ဇ်က ပြောဆိုခဲ့ပါတယ်။ အခုဆိုရင် တီဗက်ဇ်ဟာ ဘိုကာဂျူနီယာမှာ နည်းပြအဖြစ် လုပ်ကိုင်နေပြီး ဒီကွင်းမှာပဲ သူ့ရဲ့ နှုတ်ဆက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပါတယ်။