ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဒေါ့မွန်ရဲ့ နည်းပြချုပ် ဖြစ်သူ တာဇစ်က သူတို့အသင်းဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ်ပွဲကို ကစားဖို့ အဆင်သင့် ဖြစ်နေကာ သူကလည်း ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ရဲ့ အားနည်းချက်ကို ရှာတွေ့ထားကြောင်း ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တာဇစ် ဦးဆောင်နေတဲ့ ဒေါ့မွန်နဲ့ အန်ဆလော့တီ ဦးဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်တို့က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အဖြစ် ယနေ့ည ၁နာရီခွဲ အချိန်မှာ အင်္ဂလန်နိုင်ငံ ၊ ဝင်ဘလေကွင်းထဲမှာ ယှဉ်ပြိုင် ကစားကြဖို့ ရှိနေပြီး ဆားဘီးယား ဒိုင်လူကြီး ဗင်စစ်က ကွင်းလယ်ဒိုင် အဖြစ် တာဝန်ယူ ဆောင်ရွက်ဖို့ ရှိနေပါတယ်။

Photo Credit: Sky Sports

ဒေါ့မွန်က ဒီရာသီ ဘွန်ဒက်လီဂါပြိုင်ပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ရရှိနေပြီး ဒေါ့မွန်ဟာ အုပ်စုအဆင့်မှာ ပီအက်စ်ဂျီ ၊ နယူးကာဆယ် ၊ အေစီမီလန်တို့ ပါဝင်နေတဲ့ သေမင်းတမာန်အုပ်စုမှာ အုပ်စုဗိုလ် ဖြစ်ခဲ့သလို ရှုံးထွက်အဆင့်ဆီ တက်လှမ်းလာချိန်မှာလည်း ပီအက်စ်ဗွီ ၊ အက်သလက်တီကို မက်ဒရစ်နဲ့ ပီအက်စ်ဂျီ စတဲ့ အသင်းတွေကို အနိုင်ရခဲ့ပါတယ်။

တဖက်မှာတော့ ရီးရဲလ်မက်ဒရစ်က ယခုနှစ် ဘောလုံးရာသီမှာ စပိန်စူပါဖလားနဲ့ လာလီဂါဖလား စတဲ့ ဆုဖလား နှစ်လုံးစလုံးကို သိမ်းပိုက်ထားနိုင်သလို ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်မှာလည်း ကိုပင်ဟေဂင် ၊ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီး ၊ ဘိုင်ယန်မြူးနစ် စတဲ့ အသင်းတွေကို အနိုင်ယူကာ ဗိုလ်လုပွဲဆီ တက်လှမ်းနိုင်ခဲ့တာပါ။

Photo Credit: Goal

လက်ရှိခြေစွမ်းပိုင်းအရရော ၊ အစဉ်အလာပိုင်းမှာပါ ရီးရဲလ်မက်ဒရစ်က ဒေါ့မွန်ကို အသာစီး ရနေပေမယ့် ဒေါ့မွန်ရဲ့ နည်းပြချုပ် တာဇစ်နဲ့ ကစားသမားတွေက သူတို့အသင်းဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေကြပြီး တာဇစ်ကလည်း သူဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အားနည်းချက်ကို ရှာတွေ့ထားတယ်လို့ ဆိုလာပါတယ်။

တာဇစ်က – “ရီးရဲလ်မက်ဒရစ်မှာ အားနည်းချက်တွေ ရှိသလား။ ရှိတာပေါ့။ ကျွန်တော်က အဲ့ဒီ အားနည်းချက်တွေကို အသင်းတွင်းမှာ ပြောဆို ဆွေးနွေးပြီးပါပြီ။ ဒါပေမယ့် ကျွန်တော်တို့က လူသိရှင်ကြား ထုတ်ပြောမှာ မဟုတ်ပါဘူး။ ရီးရဲလ်မက်ဒရစ်ရဲ့ ကစားဟန်မှာ သူတို့ကြိုက်တာတွေ ရှိသလို မကြိုက်တာတွေလည်း ရှိပါတယ်။ တိုက်စစ်ဆင်တဲ့ အချိန်မှာရော ၊ ခံစစ်ဆင်တဲ့ အချိန်မှာပါ သူတို့မှာ သူတို့ မကြိုက်တဲ့ အချက်လေးတွေ ရှိပါတယ်။ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်ရဲ့ အားနည်းချက်တွေ အတွက် ပြင်ဆင်ပြီးသားပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့က ဒီနေ့ပွဲဟာ ပွဲကောင်း တပွဲ ဖြစ်လာမယ် ဆိုတဲ့ ယုံကြည်မှုမျိုး ရှိပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။