ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီး ဂျွန် တယ်ရီက နည်းပြဟောင်း ဂျိုဆေး မော်ရင်ဟိုရဲ့ ၂၀၀၄-၂၀၀၅ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ ရှုံးပွဲမရှိ ရွှေဖလား ချန်ပီယံ အာဆင်နယ်အသင်းထက် အများကြီးသာတယ်လို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

၂၀၀၄ ခုနှစ် နွေရာသီမှာ နည်းပြ မော်ရင်ဟိုဟာ ပေါ်တိုအသင်းကို မထင်မှတ်ဘဲ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်အောင် စွမ်းဆောင်ပြီးနောက် အနောက်လန်ဒန်ဆီကို ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒီဘောလုံးရာသီမှာပဲ မော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဖလားကို ဆွတ်ခူးအောင် စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။

Photo Credit : Goal

အင်္ဂလန် ဘောလုံးလောကဆီ စတင်ရောက်လာချိန်မှာပဲ သူ့ကိုယ်သူ စပယ်ရှယ်ဝမ်းလို့ သတ်မှတ် ခေါ်ဝေါ်ခဲ့တဲ့ မော်ရင်ဟိုဟာ သူရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက် ရာသီမှာ ချယ်လ်ဆီးအသင်းကို စုစုပေါင်း ရမှတ် (၉၅)မှတ်အထိတောင် ရရှိအောင် အံ့အားသင့်ဖွယ် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ရှုံးပွဲ (၁)ပွဲတည်းနဲ့ ခံစစ်က (၁၅)ဂိုးသာ ခွင့်ပြုထားခဲ့ရပါတယ်။ ဒါ့အပြင် အဆင့်(၂)နေရာက အာဆင်နယ်ကိုလည်း (၁၂)မှတ်အထိတောင် အမှတ်ဖြတ်တောက်နိုင်ခဲ့ပါတယ်။

အဲ့ဒီဘောလုံးရာသီ မတိုင်ခင် ၂၀၀၃-၂၀၀၄ ရာသီမှာတော့ အာဆင်နယ်အသင်းက ပရီးမီးယားလိဂ်မှာ ဘယ်အသင်းမှ မလုပ်ဆောင်နိုင်ဖူးတဲ့ ရှုံးပွဲမရှိ အမှတ်ပေး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီရာသီမှာလည်း တိုက်တိုက်ဆိုင်ဆိုင် ချယ်လ်ဆီးအသင်းကို ရုရှားသူဌေးကြီး ရိုမန် အေဘရာမိုဗစ်က စတင် ပိုင်ဆိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

အခုဆိုရင် မော်ရင်ဟိုနဲ့အတူ ၂၀၀၄-၀၅ ရာသီမှာ သမိုင်းဝင် လိဂ်ဖလားအောင်ပွဲရဲ့ နှစ် ၂၀ မြောက်မှာ တယ်ရီက ဂန္တဝင်ပရီးမီးယားလိဂ် ငြင်းခုံမှုကို ပြန်လည်အသက်သွင်းခဲ့ပြီး အဲ့ဒီအချိန်က ချယ်လ်ဆီးဟာ invisible အာဆင်နယ်ထက် ပိုသာတယ်လို့ ဆိုလိုက်ပါတယ်။ “ချယ်လ်ဆီး ၀၄-၀၅ နဲ့ ရှုံးပွဲမရှိအသင်းတွေနဲ့ကြားမှာ ဘာနှိုင်းယှဉ်မှုမှ ရှိတယ်လို့ ကျွန်တော် မထင်ဘူး။”

“ကျွန်တော်တို့ အများကြီး သာတယ်လို့ ထင်တယ်။ ကျွန်တော်တို့ တစ်ပွဲရှုံးခဲ့တယ်။ အဲဒါက မန်စီးတီးကို ဘယ်တော့မှ မရှုံးသင့်ဘဲ ရှုံးခဲ့တာ။ အာဆင်နယ်က ၁၂ ပွဲ သရေကျခဲ့တယ်။” လို့ တယ်ရီက ဆိုလိုက်ပါတယ်။ ချယ်လ်ဆီးအသင်းဟာ ရာသီတစ်ခုမှာ (၁၀)ပွဲဆက်တိုက် ဂိုးမပေးခဲ့တဲ့ စံချိန်ကို တင်နိုင်ခဲ့ပြီး ဂိုးသမား ပီတာ ချက်နဲ့ တယ်ရီနဲ့ ရီကာဒို ကာဗာလ်ဟိုတို့လို နောက်ခံလူတွေက ခံစစ်မှာ မဖောက်ထွင်းနိုင်တဲ့ ခံတပ်ကြီးတစ်ခုအဖြစ် တည်ဆောက်ခဲ့ပါတယ်။