ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ရခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် ရက်သတ္တပတ် ၃ပတ် နီးပါး အနားယူရတော့မယ့် အဓိက တိုက်စစ်မှူး ဟွိုက်လန်းရဲ့ နေရာကို အစားဝင်နိုင်မယ့် တိုက်စစ်မှူး မရှိတာကြောင့် လူငယ်ကြယ်ပွင့် ဖော်ဆန်ကို တိုက်စစ်မှူး အဖြစ် ကစားခိုင်းဖို့ စီစဉ်နေကြောင်း ယူနိုက်တက်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၁နှစ် အရွယ် ဒိန်းမတ်လက်ရွေးစင် တိုက်စစ်မှူး ဟွိုက်လန်းက ၂၀၂၄ခုနှစ် အတွင်းမှာ အတော်လေး ခြေစွာနေတဲ့ တိုက်စစ်မှူး ဖြစ်ပြီး သူက နောက်ဆုံး ပရီးမီးယားလိဂ် ၆ပွဲမှာ သွင်းဂိုး ၇ဂိုး အထိ သွင်းယူထားနိုင်တာကြောင့် သူ ဒဏ်ရာရသွားတာဟာ ယူနိုက်တက် အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တခုပါပဲ။

Photo Credit: 90 Min

တဖက်မှာတော့ အသက် ၁၉နှစ် အရွယ် အင်္ဂလန် ယူ-၂၀ လက်ရွေးစင် ဖော်ဆန်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီထွက် ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက်ရဲ့ စီနီယာအသင်းနဲ့ လေ့ကျင့်ခန်းဆင်းခွင့် ရနေသလို အသင်းအတွက် ပြိုင်ပွဲစုံမှာ ၃ပွဲ ပါဝင် ကစားပေးထားရာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

ဖော်ဆန်က ခန္ဓာကိုယ် တောင့်တင်း ကြံ့ခိုင်ကာ လျင်မြန်တဲ့ တိုက်စစ်ကစားသမား တဦး ဖြစ်ပြီး သူက ဘယ်တောင်ပံ ၊ ညာတောင်ပံ နှစ်ဖက်စလုံးမှာ ကောင်းကောင်း ကစားနိုင်သလို လိုအပ်ရင် နောက်ချန်တိုက်စစ်နဲ့ အထောင်တိုက်စစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ လော်ရီ ဝှိုက်ဝဲလ်ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က ဟွိုက်လန်း တယောက် ဒဏ်ရာရသွားပြီးနောက် လေ့ကျင့်ရေးကွင်းမှာ ရက်ဖို့ဒ် ၊ ဂါနာချိုနဲ့ ဖော်ဆန်တို့ကို တွဲဖက်ကာ လေ့ကျင့်ခိုင်းနေတာကြောင့် ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ ယူနိုက်တက်နဲ့ ဖူလ်ဟမ်တို့ ပွဲစဉ်မှာ ဖော်ဆန်ဟာ ပွဲထွက်ကစားသမား အဖြစ် ပါဝင်လာနိုင်ကြောင်း သိရှိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်မှာ ဖော်ဆန် အပြင် အန်တိုနီနဲ့ အာမတ် ဒီရယ်လိုတို့လို တောင်ပံတိုက်စစ် ကစားသမားတွေ ရှိနေတာကြောင့် တန်ဟက်ဂ်က ဖူလ်ဟမ်နဲ့ ပွဲမှာ ဘယ်လို အခင်းအကျင်းမျိုး ထုတ်သုံးသွားမလဲ ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။