လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ဂိုးသမားဖြစ်တဲ့ အန်ဒရေ အိုနာနာက လက်စွမ်း မတည်ငြိမ်မှုတွေ အမှားအယွင်းတွေ များနေချိန် အသင်းပရိသတ်တွေက အိုနာနာရဲ့ အရန် ဂိုးသမား ဘယင်ဒါကို ပြောင်းလဲ အသုံးပြုသွားဖို့ တောင်းဆိုလာခဲ့ကြပါတယ်။

မန်ယူနိုက်တက်အသင်းဟာ ဒီနွေမှာ ဒီဂီယာ နဲ့ ဒင်းဟန်ဒါဆန်တို့ ဂိုးသမားနှစ်ဦးကို လက်လွတ်ခဲ့ပြီး အင်တာက အိုနာနာ နဲ့ ဖီနာဘာချီက တူရကီ ဂိုးသမား ဘယင်ဒါတို့ကို အသင်းဆီ ပြန်လည် ခေါ်ယူ အားဖြည့်ခဲ့သလို ဝါရင့် ဂိုးသမားကြီး တွမ်ဟီတန်ကိုလည်း အသင်းဂိုးသမားတွေထဲမှာပါ ထည့်သွင်းထားခဲ့ပါတယ်။

Photo Credit : Goal

နည်းပြ တန်ဟက်ဂ်က သူနဲ့ အေဂျက်စ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဂိုးသမား အိုနာနာကို အားကိုးတကြီးနဲ့ ယူနိုက်တက်အသင်းဆီ ခေါ်ဆောင်ခဲ့ပေမယ့် အိုနာနာက အင်တာမီလန်မှာတုန်းကလို တည်ငြိမ်တဲ့ လက်စွမ်းမျိုးတွေ မရရှိပဲ ပွဲအများစုမှာ ရုန်းကန်နေရပါတယ်။

မနေ့က ဂါလာတာစာရေး ပွဲစဉ်မှာလည်း ဇီယက်ရှ်ရဲ့ ဖရီးကစ် ကန်သွင်းချက် (၂)ကြိမ်လုံးရော တတိယမြောက် ချေပဂိုးမှာပါ နေရာယူထားတာ မမှန်တာတွေကြောင့် ယူနိုက်တက်တို့ ပွဲကို ဦးဆောင်ထားပြီးမှ ချေပဂိုးတွေ ပြန်လည် ခွင့်ပြုရရင်း သရေကျသွားခဲ့ရပါတယ်။

Photo Credit : Sporting News

ဒီအချိန်မှာ အသင်းပရိသတ်တွေက ဘယင်ဒါကို ပွဲကစားခွင့်ပေးဖို့ တောင်းဆိုလာခဲ့ရာ တန်ဟက်ဂ်က “ကျွန်တော်တို့ဆီမှာ ကောင်းမွန်တဲ့ ဂိုးသမား အစုအဖွဲ့တစ်ခု ရှိနေတာကို သဘောကျမိတယ်။ တူရကီကနေ ရောက်လာတဲ့ ဂိုးသမားတစ်ဦးအနေနဲ့ ပရီးမီးယားလိဂ် ဘောလုံးအထာနဲ့ရော ဥရောပ ဘောလုံးရပ်ဝန်းနဲ့ပါ ရင်းနှီးအောင် လုပ်ဖို့ လ်ိုနေပါသေးတယ်။ ဒါကလည်း ခက်ခဲပါတယ်။”

“ဒါကြောင့် သူ့အနေနဲ့ စိတ်ရှည်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ တကယ်လို့ သူက လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး လက်စွမ်းတွေ ပြလာမယ် ၊ တိုးတက်မှုတွေ ရှိလာခဲ့မယ်ဆိုရင်တော့ သူလည်း အခွင့်အရေးတွေ ရလာပါလိမ့်မယ်။ ဒါကို သူ အသုံးချရပါမယ်။” လို့ တန်ဟက်ဂ်က မှတ်ချက်ပြုသွားခဲ့ပါတယ်။