ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ်(၁၇)မှာ သူတို့အသင်းက ပြိုင်ဘက် လီဗာပူးကို ကျိန်းသေပေါက် အနိုင်ရမယ်လို့ ယုံကြည်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်နေရပြီး ယနေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁) လီဗာပူးကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရတော့မှာပါ။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က လတ်တလော ခြေစွမ်းပိုင်းမှာ လီဗာပူးကို မမီသလို လီဗာပူးရဲ့ အန်ဖီးလ်ကွင်း ရောက်ရင် ရုန်းကန်ရတတ်တဲ့ အစဉ်အလာလည်း ရှိနေတာကြောင့် ဒီနေ့ညမှာ မန်ချက်စတာ ယူနိုက်တက်ဟာ ရလဒ်ကောင်း တခု ရယူနိုင်ဖို့ မလွယ်ပါဘူး။

ဘောလုံးရေးရာ ကျွမ်းကျင်သူ အားလုံးနီးပါးကတော့ လီဗာပူးဟာ အန်ဖီးလ်ကွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ယူသွားလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး လီဗာပူးက မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ယူသွားလိမ့်မယ်လို့ ခန့်မှန်းထားကြတဲ့ အထဲမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားဟောင်းတွေ ဖြစ်တဲ့ ဘာဘာတော့ဗ် ၊ ဂယ်ရီနဗီးလ် စတဲ့ လူတွေလည်း ပါဝင်နေပါတယ်။

Photo Credit: Mirror

လီဗာပူးက ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ယူသွားလိမ့်မယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေပေမယ့် ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်ကတော့ သူဟာ အန်ဖီးလ်မှာ လီဗာပူးကို အနိုင်ယူနိုင်မယ့် လူစာရင်းကို ထုတ်သုံးမှာ ဖြစ်သလို သူ့အသင်းက လီဗာပူးကို နိုင်မယ်လို့ ယုံကြည်ထားကြောင်း ပွဲကြိုအင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်ကတော့ ဒီပွဲမှာ ကျွန်တော်တို့တွေ အနိုင်ရမယ်လို့ အပြည့်အဝ ယုံကြည်ထားပါတယ်။ ကျွန်တော်က ပွဲကို အနိုင်ရမယ့် လူစာရင်းကို ထုတ်သုံးသွားမှာပါ။ ကျွန်တော်က ပြင်ဆင်ထားတဲ့ ပွဲတွင်းအစီအစဉ်နဲ့ ကစားသမားတွေရဲ့ အရည်အချင်းကို အများကြီး ယုံကြည်နေတာကြောင့် အခုလို ပြောရဲတာပါ” လို့ ကြုံးဝါး ပြောဆိုသွားခဲ့တာပါ။