မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ အနာဂတ် အခြေအနေတွေဟာ ရှေ့လာမယ့် ပွဲစဉ်(၂)ပွဲရဲ့ ရလဒ်တွေအပေါ်မှာ မူတည်နိုင်လိမ့်မယ်လို့ ပရီးမီးယားလိဂ် ဂန္တဝင် ကစားသမားဟောင်းကြီး အလန် ရှီးယားက သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

အေဂျက်စ်နည်းပြဟောင်း တန်ဟက်ဂ်ဟာ လက်ရှိမှာ ယူနိုက်တက် နည်းပြဘဝ တတိယမြောက် ဘောလုံးရာသီကို ဖြတ်သန်းနေတာဖြစ်ပြီး ကွန်မြူနတီဒိုင်းမှာ ဒါဘီပြိုင်ဘက် မန်စီးတီးကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့သလို ပရီးမီးယားလိဂ် ရာသီအစ (၃)ပွဲမှာလည်း ဖူလ်ဟမ်နဲ့ အဖွင့်ပွဲကိုသာ အနိုင်ရခဲ့သလို ဘရိုက်တန် လီဗာပူးလ်တို့ကိုတော့ ဆက်တိုက် ရှုံးထားခဲ့ရပါတယ်။

Photo Credit : Irish Examiner

တကယ်တော့ တန်ဟက်ဂ်က သူရဲ့ပထမရာသီမှာ လိဂ်ဖလားနဲ့ ဒုတိယရာသီ မနှစ်က ဘောလုံးရာသီမှာ အက်ဖ်အေဖလားတို့ကို ရယူနိုင်ခဲ့ပေမယ့် အသင်းက တန်ဟက်ဂ် လက်ထက်မှာ ခြေစွမ်းပိုင်း သိသိသာသာ တိုးတက်မှုတွေ ရှိမလာခဲ့သလို အခုရာသီမှာဆိုရင်လည်း ကစားသမားသစ် ဖြည့်တင်းမှုတွေ လုပ်ဆောင်ထားသည့်တိုင် အသင်းက ရလဒ်ရော စွမ်းဆောင်ရည်ပါ အခြေအနေ ဆိုးနေရပါတယ်။

အခုလို ပရီးမီးယားလိဂ် (၂)ပွဲဆက်တိုက် ရှုံးပွဲဆက်ခဲ့ပြီးတဲ့နောက်မှာ တန်ဟက်ဂ်ရဲ့ အနာဂတ်က အခြေအနေမကောင်းတော့ဘူးလို့ ထင်ကြေးပေးမှုတွေ မြင့်တက်လာခဲ့ရပြီး အခုလည်း အလန် ရှီးယားက တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး သူရဲ့ ထင်မြင်ချက်တွေကို ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Football365

“တန်ဟက်ဂ်က ခရစ္စမတ်ကာလအထိ ယူနိုက်တက်အသင်းမှာပဲ ဆက်ရှိနေဖို့အတွက် အသင်းရဲ့ ရလဒ်ပိုင်းတွေဟာလည်း ကြီးကြီးမားမား တိုးတက်လာဖို့ လိုအပ်ပါလိမ့်မယ်။ နောက်ပြီး သူတို့အသင်းရဲ့ နောက်ထပ် ရလဒ်(၂)ခုအပေါ်မှာလည်း အများကြီး မူတည်နေပါလိမ့်မယ်။ ဘရိုက်တန်ကို ရှုံးပြီးတဲ့နောက် လီဗာပူးလ်ကိုပါ ထပ်ရှုံးခဲ့ရတဲ့ ပုံစံမျိုးက”

“နောက်ပွဲ ဒါမှမဟုတ် နောက်(၂)ပွဲလောက်မှာ အသင်းက ကြီးမားတဲ့ တိုးတက်မှုကို မပြနိုင်ဘူးဆိုရင်တော့ သူ့အတွက် တကယ်ကို ခက်ခဲလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာမယ့် ဆူညံ့သံတွေက ပိုပြီးတော့ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာမှာမို့ပါ။” လို့ ရှီးယားက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။