အာဆင်နယ်အသင်းမှာ တစ်ရာသီအငှားသွားကစားပြီးနောက် ချယ်လ်ဆီးအသင်းကို ပြန်လည်ရောက်ရှိလာတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရာဟင်းမ် စတာလင်ဟာ မန်ချက်စတာ ယူနိုက်တက်နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ရဲ့ လက်ရှိအသင်း လေဗာကူဆင်အတွက် မထင်မှတ်ထားတဲ့ ပစ်မှတ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ မန်ယူနိုက်တက်မှာတုန်းက ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ စတာလင်ကို တန်ဟက်ဂ်က အခုတစ်ကြိမ် သူ့ရဲ့ ဂျာမန်ကလပ်အသင်းအတွက် ခေါ်ယူချင်နေတာပါ။
၂၀၂၂ ကမ္ဘာ့ဖလားနောက်ပိုင်း အင်္ဂလန်လက်ရွေးစင်အသင်းနဲ့ ဝေးကွာနေတဲ့ အသက်(၃၀)အရွယ် စတာလင်ဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားခဲ့ပါတယ်။ ဒါပေမဲ့ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့် (၅)ကြိမ်သာ ရရှိခဲ့ပါတယ်။ ၂၀၂၄-၂၅ ရာသီကုန်မှာ ချယ်လ်ဆီးကို ပြန်ရောက်လာပေမယ့်လည်း နည်းပြအန်ဇို မာရက်စကာရဲ့ အစီအစဉ်တွေထဲမှာ ပါဝင်ခြင်းမရှိဘဲ အသင်းကနေ ထွက်ခွာခွင့်ရနိုင်တယ်လို့ အသိပေးခံထားရပါတယ်။
Photo Credit : The Sun
ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလ နောက်ဆုံးအချိန်တွေမှာ တန်ဟက်ဂ်ရဲ့ ယူနိုက်တက်အသင်းဟာ စတာလင်ကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ လီဗာပူးလ်နဲ့ မန်စီးတီးတို့လို ပြိုင်ဘက်အသင်းတွေမှာ ကစားခဲ့ဖူးပေမယ့် တန်ဟက်ဂ်က စတာလင်ကို ခေါ်ယူဖို့ စိတ်အားထက်သန်ခဲ့တာပါ။ ဒီအပြောင်းအရွှေ့ဟာ ဂျေဒန် ဆန်ချိုကို ချယ်လ်ဆီးဘက်ဆီ ပို့ဆောင်မယ့် အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ခဲ့ပါတယ်။ အဆုံးသတ်မှာတော့ ဆန်ချိုက ချယ်လ်ဆီးကို အမှန်တကယ် ပြောင်းရွှေ့သွားခဲ့ပြီး စတာလင်ကတော့ အာဆင်နယ်အသင်းဆီ နောက်ဆုံးမိနစ်မှာ ရောက်ရှိသွားခဲ့ပါတယ်။
အခုတော့ အဲဒီအဖြစ်အပျက်တွေအပြီး (၁၁) လအကြာမှာ တန်ဟက်ဂ်ဟာ စတာလင်ကို နောက်တစ်ကြိမ် ပြန်လည်ချိတ်ဆက်လာခဲ့ပါတယ်။ BBC Sport ရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ မေလမှာ တန်ဟက်ဂ်ကို နည်းပြချုပ်အဖြစ် ခန့်အပ်ခဲ့တဲ့ လေဗာကူဆင်အသင်းဟာ စတာလင်ရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပြီး ခေါ်ယူဖို့ အလားအလာရှိနေပါတယ်။ စတာလင်ဟာ ၂၀၂၂ ခုနှစ်မှာ ချယ်လ်ဆီးအသင်းကို ပေါင်(၄၇.၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန်ရှိနေပါသေးတယ်။
Photo Credit : 90Min
လေဗာကူဆင်ဟာ အင်္ဂလန်ကစားသမားတွေ အထူးသဖြင့် တောင်ပံကစားသမားတွေကို မွေးထုတ်ပေးလေ့ရှိတဲ့ အစဉ်အလာကောင်းရှိပါတယ်။ ကယ်လမ် ဟတ်ဆန် အိုဒွိုင်းကို အငှားနဲ့ ခေါ်ယူခဲ့ဖူးသလို နေသန် တယ်လာကလည်း ၂၀၂၃ ကတည်းက အသင်းမှာ ကစားနေသူပါ။ တန်ဟက်ဂ်အတွက် တိုက်စစ်ပိုင်း အားဖြည့်ဖို့လိုအပ်နေတာကတော့ အသင်းရဲ့ အဓိကကြယ်ပွင့် ဖလော်ရီယန် ဝါ့ဇ်ကို လီဗာပူးလ်ဆီ လက်လွှတ်ခဲ့ရသလို၊ ဂျယ်ရမီ ဖရင်ပေါင်ကလည်း အသင်းကထွက်ခွာသွားခဲ့တာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ဂရာနစ် ရှာကာက ဆန်းဒါလန်းကို ပြောင်းဖို့ ဖိအားပေးနေသလို၊ နောက်ခံလူ ဂျိုနသန် တာကလည်း တန်ဟက်ဂ် မရောက်ခင်ကတည်းက ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့သွားခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ လေဗာကူဆင်ရဲ့ အပြောင်းအရွှေ့တွေကတော့ PSV ကွင်းလယ်တိုက်စစ်ကစားသမား မာလစ် တေးလ်မန်း၊ လီဗာပူးလ်နောက်ခံလူ ဂျာရယ်လ် ကွမ်ဆာ၊ ဘရန့်ဖို့ဒ်ဂိုးသမား မတ်ခ် ဖလက်ကန်နဲ့ ဟာသာဘာလင်ကစားသမား အီဘရာဟင် မာဇာတို့ကို ခေါ်ယူထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရာသီကြိုခရီးစဉ်အဖွင့်ကတော့ ဘရာဇီးကလပ် ဖလာမင်ဂိုရဲ့ ယူ-၂၀ အသင်းကို (၅)ဂိုး (၁)ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။ တိုက်ဆိုင်စွာပဲ လေဗာကူဆင်အသင်းဟာ လာမယ့် သြဂုတ်လ ၈ ရက်၊ သောကြာနေ့မှာ စတာလင်ရဲ့ လက်ရှိကလပ် ချယ်လ်ဆီးအသင်းနဲ့ စတန်းဖို့ဒ်ဘရစ်ချ်မှာ ခြေစမ်းပွဲတစ်ပွဲ ကစားဖို့ ရှိနေပါတယ်။