မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဟောင်း အဲရစ် တန်ဟက်ဂ်ဟာ အသင်းဟောင်းအတွက် အပြောင်းအရွှေ့ဈေးကွက်မှာ အသက်ရှူပေါက်တစ်ခု ဖန်တီးပေးနိုင်ဖွယ် ရှိနေပါတယ်။ အကြောင်းကတော့ သူဟာ လက်ရှိတာဝန်ယူကိုင်တွယ်နေတဲ့ လေဗာကူဆင်အသင်းထံ ယူနိုက်တက်တိုက်စစ်မှူး ရက်စ်မတ်စ် ဟွိုင်းလန်းကို ခေါ်ယူဖို့ အလွန်စိတ်အားထက်သန်နေတာကြောင့် ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ နည်းပြရူဘင် အာမိုရင်ဟာ သူ့ရဲ့ ၃-၄-၃ ကစားကွက်နဲ့ အသင်းကို ပုံသွင်းနေပြီး ရာသီကြိုခြေစမ်းပွဲတွေမှာ တိုက်စစ်က ပိုမိုချောမွေ့လာသလို ခံစစ်ကလည်း ပိုမိုခိုင်မာလာတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ အာမိုရင်ဟာ သူ့ရဲ့ပုံစံနဲ့ကိုက်ညီတဲ့ အထောင်တိုက်စစ်မှူးစစ်စစ် တစ်ဦးကို ခေါ်ယူလိုနေတာ ထင်ရှားပါတယ်။ မာသီးယပ်စ် ကူညာနဲ့ ဘရိုင်ယန် အမ်ဘူမိုတို့ကို ခေါ်ယူထားပေမယ့် သူတို့ဟာ တိုက်စစ်မှူးစစ်စစ်တွေ မဟုတ်ဘဲ အာမိုရင်ရဲ့ အစီအစဉ်က သူတို့ကို တိုက်စစ်မှူးစစ်စစ်တစ်ဦးရဲ့ ဘေးမှာ ကစားစေဖို့ ဖြစ်ပါတယ်။
Photo Credit : The Telegrph
လက်ရှိမှာတော့ ၂၀၂၃ ခုနှစ်က ပေါင်(၇၂)သန်းနဲ့ ခေါ်ယူခဲ့တဲ့ ဟွိုင်းလန်းဟာ ဒီနေရာမှာ အတွေ့အကြုံရှိတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပေမယ့် ခြေစွမ်းကောင်းပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။ CaughtOffside သတင်းဌာနရဲ့ ဖော်ပြချက်အရ နည်းပြ တန်ဟက်ဂ်ဟာ ဟွိုင်းလန်းနဲ့ ဂျာမနီမှာ ပြန်လည်ဆုံစည်းဖို့ အလွန်အမင်း ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
ယူနိုက်တက်အသင်းဘက်ကလည်း အသက် (၂၂)နှစ်အရွယ် ဒိန်းမတ်တိုက်စစ်မှူးကို ဒီနွေရာသီမှာ ရောင်းချလိုနေပေမယ့် ဟွိုင်းလန်းဘက်ကတော့ အပြောင်းအရွှေ့အားလုံးကို ငြင်းဆန်နေခဲ့ပါတယ်။ အခုအခါမှာတော့ သူ့ကို ခေါ်ယူခဲ့တဲ့ နည်းပြဟောင်း တန်ဟက်ဂ်ကိုယ်တိုင်က ကမ်းလှမ်းလာတဲ့အတွက် ဟွိုင်းလန်းရဲ့ သဘောထား ပြောင်းလဲသွားမလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Photo Credit : TEAMtalk
ဟွိုင်းလန်းဟာ ဒီနွေရာသီတစ်လျှောက်လုံး အိုးထရက်ဖို့ဒ်မှာပဲ ဆက်နေလိုတဲ့ ဆန္ဒရှိနေပြီး ဇူလိုင်လတုန်းက သတင်းထောက်တွေကို “ကျွန်တော့်ရဲ့ အစီအစဉ်က ရှင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ဒီမှာပဲ ဆက်နေပြီး ကိုယ့်နေရာအတွက် တိုက်ပွဲဝင်သွားမှာပါ။” လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ဖူးပါတယ်။
ဒီရပ်တည်ချက်ဟာ လေးစားစရာကောင်းပေမယ့် ယူနိုက်တက်လို အသင်းကြီးမှာ ကစားရတဲ့ ဖိအားက ကြီးမားတာကြောင့် သူ့ရဲ့ ခြေစွမ်းအစစ်အမှန်ကို ပြန်လည်ပြသနိုင်ဖို့အတွက် အသင်းပြောင်းကစားခြင်းက ပိုကောင်းနိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ယူနိုက်တက်ဘက်ကတော့ သူ့ကို အငှားချလိုခြင်းမရှိဘဲ အပြီးသတ် ရောင်းချလိုနေတာ ဖြစ်ပါတယ်။ လက်ရှိမှာ Transfermarkt ရဲ့ တန်ဖိုးဖြတ်မှုအရ ဟွိုင်းလန်းရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို(၃၅)သန်းဝန်းကျင်သာ ရှိနေပါတယ်။