ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူ လိုချင်ခဲ့တဲ့ နယ်သာလန် ကြယ်ပွင့် တိုက်စစ်မှူး ဂတ်ပိုကို ခါးသီးပြိုင်ဘက် လီဗာပူးထံ လက်လွှတ် ဆုံးရှုံးခဲ့ရပြီးနောက် သူဟာ တိုက်စစ်မှူးသစ် လိုအပ်ကြောင်း အသင်းရဲ့ တာဝန်ရှိသူတွေကို အသိပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က အသက် ၂၃နှစ် အရွယ် နယ်သာလန် ကြယ်ပွင့် တိုက်စစ်မှူး ဂတ်ပိုကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့ထဲက ကြိုးပမ်းခဲ့ပေမယ့် ပီအက်စ်ဗွီဘက်က တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ တွန့်ဆုတ်နေခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ခါးသီးပြိုင်ဘက် လီဗာပူးက ဂတ်ပိုကို ကြားဖြတ် ခေါ်ယူသွားခဲ့ပါတယ်။

Photo Credit: Mirror

လီဗာပူးက ဂတ်ပိုကို ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၇သန်း + အပိုဆုကြေး ပေါင် ၁၃သန်းနဲ့ (စုစုပေါင်း ပေါင် ၅၀သန်း) ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ဂတ်ပိုက လီဗာပူးနဲ့ ၆နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုမယ်လို့ နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က သူနဲ့ တနိုင်ငံထဲသား ဖြစ်သူ ဂတ်ပိုကို ခေါ်ယူချင်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ ဘုတ်အဖွဲ့က ယခု ဆောင်းဈေးကွက် အတွင်းမှာ ငွေကြေးများများစားစား မသုံးစွဲချင်တာကြောင့် တန်ဟက်ဂ်ဟာ ဂတ်ပိုကို လက်လွှတ်ခဲ့ရတာ ဖြစ်ပြီး တန်ဟက်ဂ်ကတော့ သူ့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတာကြောင့် သူ့ကို တိုက်စစ်မှူးသစ် တဦး ခေါ်ယူပေးဖို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ပြောသွားခဲ့ပါတယ်။

Photo Credit: Mirror

တန်ဟက်ဂ်က – “ကျွန်တော်တို့မှာ တိုက်စစ်ပိုင်းနဲ့ ပတ်သတ်ပြီး ဖြေရှင်းနည်း ၂မျိုး ရှိပါတယ်။ ပထမ တခုက သွင်းဂိုးတွေကို အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေဆီ ကနေ ညှစ်ထုတ်ဖို့ပါ။ ကျွန်တော်တို့မှာ ဂါနာချို ရှိမယ်။ အီလန်ဂါ ရှိမယ်။ ပြီးတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အတော်လေး ခြေစွမ်းပြခဲ့တဲ့ ပယ်လစ္စထရီ ရှိမယ်။ ကျွန်တော်တို့က သူတို့ကို အားကိုးလို့ ရနိုင်တယ်။ ဒါက ပထမ တနည်းပါ။ ဒုတိယ တခုက အစားထိုး ကစားသမား ခေါ်ဖို့ပါ။ ကျွန်တော်ကတော့ ကျွန်တော်တို့ဟာ တိုက်စစ်မှူး တဦးကို ဆုံးရှုံးထားရတာကြောင့် တိုက်စစ်မှူးသစ် ထပ်ခေါ်ဖို့ လိုမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က မှန်ကန်တဲ့ ကစားသမားမျိုးကို ခေါ်ဖို့ လိုပါတယ်။ ကျွန်တော်တို့ရဲ့ လူစာရင်းထဲကို အရည်အသွေးတွေ ပေါင်းထည့်ပေးနိုင်မယ့် တိုက်စစ်မှူးမျိုး လိုအပ်တာပါ။ တိုက်စစ်မှူး ဖြစ်ရင် ပြီးရော ဆိုပြီး လုပ်လို့ မရပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။