မန်ချက်စတာ စီးတီးအသင်းရဲ့ တောင်ပံကစားသမား ဂျက် ဂရီးလစ်ရှ်ကို လေဗာကူဆင်အသင်းက ဒီနွေမှာ အသင်းကနေ ထွက်ခွာတော့မယ့် သူတို့ရဲ့ ကြယ်ပွင့်ကစားသမားလေး ဖလော်ရီယန် ဗက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့အတွက် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
The Sun သတင်းစာရဲ့ ဖော်ပြချက်အရ ဂရီးလစ်ရှ်ဟာ မန်စီးတီး ကစားသမားဘဝ ပြီးဆုံးသွားပြီဆိုတာကို လက်ခံထားပြီး ဖြစ်တာကြောင့် သူ့ကို ခေါ်ယူဖို့အတွက် လေဗာကူဆင်အသင်းက အပြိုင်အဆိုင် ကြိုးပမ်းလာတော့မှာ ဖြစ်ပါတယ်။
Photo Credit : Goal
အသက်(၂၉)နှစ်အရွယ် ကစားသမားရဲ့ တန်ကြေးဟာ ပေါင်သန်း(၄၀)ဝန်းကျင် ရှိတယ်လို့ သတ်မှတ်ခံထားရပြီး မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်း အဲရစ်တန်ဟက်က လီဗာပူးလ်အသင်းနဲ့ သတင်းထွက်နေတဲ့ ဗက်ဇ်ရဲ့နေရာမှာ အကောင်းဆုံး အစားထိုးမှု ဖြစ်လာနိုင်တယ်လို့ လေဗာကူဆင်အသင်းရဲ့ အကြီးအကဲတွေကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ပေါင်သန်း(၁၀၀)တန် ကစားသမားအဖြစ်နဲ့ မန်စီးတီးကို ရောက်ရှိလာခဲ့တဲ့ ဂရီးလစ်ရှ်ဟာ အခုအခါမှာတော့ အသင်းရဲ့ လူပိုကစားသမားတစ်ဦးလို ဖြစ်နေပြီး ၂၀၂၁ ခုနှစ်က အက်စတွန် ဗီလာကနေ ခေါ်ယူခဲ့တဲ့ ကစားသမားရဲ့ခြေစွမ်းနဲ့ ယှဉ်ရင် လုံးဝကို မှတ်မိနိုင်စရာ မရှိအောင် ဖြစ်နေပါပြီ။ ဒီလိုအခြေအနေမျိုးမှာတောင် နယူးကာဆယ် အဲဗာတန်နဲ့ တခြားအသင်းတွေက သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းနေကြပါတယ်။
Photo Credit : Goal
ဒီနွေရာသီမှာ မန်စီးတီးအသင်းရဲ့ ကမ္ဘာ့ကလပ်ဖလားပြိုင်ပွဲဝင် လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမား ဂရီးလစ်ရှ်ဟာ မန်ချက်စတာအခြေစိုက်အသင်းအတွက် ပြိုင်ပွဲစုံ(၁၅၇)ပွဲမှာ (၁၇)ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု (၂၃)ကြိမ် ပြုလုပ်ပေးထားပါတယ်။
စီးရီးအေချန်ပီယံ နာပိုလီ၊ အသင်းဟောင်း အက်စတွန်ဗီလာနဲ့ စပါးအသင်းတို့နဲ့လည်း သတင်းတွေထွက်ပေါ်နေတဲ့ ဗီလာကြယ်ပွင့်ဟောင်း ဂရီးလစ်ရှ်အတွက် ဒီနွေရာသီမှာ ရွေးချယ်စရာတွေ အများအပြား ရှိနေပေမယ့် သူ့ရဲ့နောက်ထပ်ခြေလှမ်းကတော့ မသေချာမရေရာ ဖြစ်နေဆဲပါ။