ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က သူတို့အသင်း အတွက် ဒီရာသီမှာ အက်ဖ်အေဖလား တလုံးထဲသာ ဆုဖလား မျှော်လင့်ချက် အဖြစ် ကျန်တော့တာကြောင့် အက်ဖ်အေပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်အောင် အစွမ်းကုန် ကြိုးစားကြဖို့ ကစားသမားတွေကို ဆော်ဩသွားခဲ့ပါတယ်။

တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ကာရာဘောင်းပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ဒီရာသီမှာတော့ ကာရာဘောင်းပြိုင်ပွဲ ကနေ အစောကြီး ထွက်ခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်မယ့် အလားအလာ မရှိတော့ပါဘူး။

Photo Credit: Football 365

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက် အတွက် ဒီရာသီမှာ ဆုဖလား မျှော်လင့်ချက်က အက်ဖ်အေဆုဖလား တလုံးထဲသာ ကျန်တော့ပြီး ယနေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက်က အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲ အဖြစ် အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ခါးသီးပြိုင်ဘက် လီဗာပူးကို ရင်ဆိုင် ကစားရတော့မှာပါ။

လတ်တလော ခြေစွမ်းပိုင်းအရ မန်ချက်စတာ ယူနိုက်တက်က လီဗာပူးထက် နိမ့်ပါးနေတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူ အများစုက လီဗာပူးဟာ အဝေးကွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရကာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းသွားလိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

Photo Credit: Team Talk

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ရဲ့ လက်အောက်မှာ အက်ဖ်အေဖလား ဗိုလ်လုပွဲဆီ ၁ကြိမ် တက်ရောက်ခဲ့ဖူးတာကြောင့် ယူနိုက်တက်ကို လျှော့တွက်လို့ မရပဲ တန်ဟက်ဂ်ကတော့ ဒီရာသီမှာ ၁ခုထဲသော လက်ကျန်ဆုဖလား မျှော်လင့်ချက် အတွက် လီဗာပူးနဲ့ ပွဲစဉ်မှာ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့က ဒီရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်အောင် ကြိုးစားရပါမယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြိုင်ဘက်တွေကို အမှီလိုက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားနေရပါတယ်။ အခုတော့ ကျွန်တော်တို့မှာ ဆုဖလား ကိုင်မြှောက်နိုင်မယ့် အခွင့်အရေး တခု ရလပါပြီ။ ကျွန်တော်တို့အတွက် ဒီရာသီမှာ အက်ဖ်အေဖလားကပဲ ဆုဖလား မျှော်လင့်ချက် အဖြစ် ကျန်တော့တာပါ။ ပြီးတော့ ကျွန်တော်တို့က အက်ဖ်အေဖလားကို ကိုင်မြှောက်နိုင်ဖို့ ၃ပွဲပဲ နိုင်အောင် လုပ်ဖို့ လိုအပ်ပါတယ်။ ၃ပွဲစလုံးကလည်း ပွဲကြီးပွဲကောင်းတွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့က ပွဲတိုင်းမှာ အစွမ်းကုန် ကြိုးစားသွားပါမယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။