ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က လာမယ့် နွေဈေးကွက်မှာ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားကို ရောင်းချကာ မက်ဂွိုင်းယားရဲ့ နေရာအတွက် သူ့ရဲ့ တပည့်ဟောင်း တင်းဘားစ်ကို ပြန်ခေါ်ရန် စိတ်ဝင်စားနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ကာလရှည် စာချုပ်တရပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တန်ဟက်ဂ်က သူ့ရဲ့ တပည့်ဟောင်းတွေ ဖြစ်တဲ့ အန်တိုနီနဲ့ မာတီနက်ဇ်တို့ကို သူနဲ့အတူ မန်ချက်စတာ ယူနိုက်တက်ဆီ ခေါ်လာခဲ့ရာ နှစ်ဦးစလုံးက အချိန်တိုအတွင်းမှာ အသင်းရဲ့ အဓိက ကစားသမားတွေ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ကြပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ တန်ဟက်ဂ်က သူ့ရဲ့ နည်းစနစ်နဲ့ အံဝင်ခွင်ကျ ကစားနိုင်တဲ့ တပည့်ဟောင်းတွေကို မန်ချက်စတာ ယူနိုက်တက်မှာ ပြန်လည် စုစည်းဖို့ စဉ်းစားနေတာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေကလည်း တန်ဟက်ဂ်ရဲ့ တောင်းဆိုမှု မှန်သမျှကို လိုက်လျောပေးဖို့ ဆုံးဖြတ်ထားကြပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ရော့ဘ် ဒေါ်ဆန်ရဲ့ ဖော်ပြချက်အရ အဲရစ် တန်ဟက်ဂ်က နွေဈေးကွက်မှာ ကစားသမားသစ်တွေကို ငွေပုံပေးကာ ခေါ်ယူနိုင်ဖို့ အတွက် အသင်းခေါင်းဆောင် မက်ဂွိုင်းယား အပါအဝင် ကစားသမား အမြောက်အမြားကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီး တန်ဟက်ဂ်ဟာ မက်ဂွိုင်းယားရဲ့ နေရာအတွက် သူ့ရဲ့ တပည့်ဟောင်း တင်းဘားစ်ကို ခေါ်ယူဖို့ပါ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Mirror

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အေဂျက်နဲ့ နယ်သာလန်တို့ရဲ့ အဓိက ဗဟိုခံစစ်မှူး တင်းဘားစ်က ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သူ ဖြစ်ပြီး နယ်သာလန်နည်းပြ ဗန်ဟားလ်ရဲ့ ကြားဝင် တားဆီးမှုကြောင့်သာ မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းတော့ပဲ အေဂျက်မှာ ၁ရာသီ ဆက်ကစားဖို့ ဆုံးဖြတ်ခဲ့သူပါ။

တင်းဘားစ်က အေဂျက်မှာ ဆက်နေခဲ့ပေမယ့် မျှော်မှန်းထားသလို အောင်မြင်မှုတွေ မရခဲ့တာကြောင့် လာမယ့် နွေဈေးကွက် အတွင်းမှာ အသင်းပြောင်းဖို့ ဆုံးဖြတ်ထားပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ ထပ်မံ ကြိုးစားလာမယ် ဆိုရင် လက်ခံဖွယ် ရှိနေကြောင်း တင်းဘားစ်နဲ့ နီးစပ်သူတွေက ထုတ်ဖော် ပြောကြားထားကြပါတယ်။