ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ရီးဒင်းနဲ့ ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရသွားတဲ့ ကွင်းလယ်လူ အဲရစ်ဆင်ကြောင့် လက်စတာ စီးတီးရဲ့ ကွင်းလယ်လူ တိုင်လီမန်းစ်ကို ခေါ်ယူချင်နေကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ကွင်းလယ်ပိုင်းမှာ ဖာနန်ဒက် ၊ ကတ်စ်မဲရိုး ၊ အဲရစ်ဆင် ၊ ဗန်ဒီဘိခ် ၊ ဖရက်ဒ် ၊ တော်မီနေး စတဲ့ ကွင်းလယ်လူတွေကို ပိုင်ဆိုင်ထားပေမယ့် ဗန်ဒီဘိခ်က ဒူးဒဏ်ရာကြောင့် ရာသီကုန် အထိ အနားယူနေရချိန်မှာ အဲရစ်ဆင်ကပါ ခြေကျင်းဝတ်ဒဏ်ရာ ရသွားတာကြောင့် ကွင်းလယ်လူသစ် တဦးကို ခေါ်ယူဖို့ စတင် စဉ်းစားလာခဲ့တာပါ။

Photo Credit: Metro

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ် ၊ ပရီးမီးယားလိဂ် ၊ အက်ဖ်အေ ၊ ကာရာဘောင်း စတဲ့ ပြိုင်ပွဲ ၄ခုစလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်နေရတာကြောင့် မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ဟာ ဗန်ဒီဘိခ် ဒဏ်ရာရသွားချိန်မှာထဲက ကွင်းလယ်လူသစ် တဦး ခေါ်ယူပေးဖို့ အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားတာ ဖြစ်ပြီး အဲရစ်ဆင်ပါ ဒဏ်ရာ ထပ်ရသွားချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက် ဘုတ်အဖွဲ့က ကွင်းလယ်လူသစ် တဦး ခေါ်ယူဖို့ လှုပ်ရှားလာပါတယ်။

မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် နည်းပြချုပ် တန်ဟက်ဂ်က အားနည်းသွားတဲ့ ကွင်းလယ်ပိုင်း အတွက် လက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၅လသာ ကျန်တော့တဲ့ တိုင်လီမန်းစ်ကို ခေါ်ယူဖို့ မျက်စိကျနေပြီး တိုင်လီမန်းစ်ကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

Photo Credit: Metro

အသက် ၂၅နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်လူ တိုင်လီမန်းစ်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လက်စတာ စီးတီးနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ကွင်းလယ်လူ တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာလည်း လက်စတာ စီးတီး အတွက် ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ရရှိထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ နီးစပ်သူ တချို့ကလည်း ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေဟာ ကွင်းလယ်လူသစ် တဦး ခေါ်ယူဖို့ စတင် လှုပ်ရှားနေကြပြီး ယူနိုက်တက်က ကွင်းလယ်အတွက် ရာသီဝက်အငှားနဲ့ ခေါ်ယူနိုင်မယ့် ကွင်းလယ်လူတွေကို လိုက်လံ ရှာဖွေနေပေမယ့် အကယ်၍ လက်စတာ စီးတီးကသာ တိုင်လီမန်းစ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၀သန်းအောက် ပမာဏ တရပ်နဲ့ ရောင်းချဖို့ ဆန္ဒရှိရင် တိုင်လီမန်းစ်ကို အပြီးသတ် ခေါ်ယူဖွယ် ရှိနေကြောင်း ပြောကြားထားကြပါတယ်။