ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ ယခု ဆောင်းဈေးကွက် အတွင်းမှာ သင့်တော်တဲ့ ကစားသမား တဦးကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ရလာရင် ကစားသမားသစ် ထပ်ခေါ်ဖို့ ကြိုးစားသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု ဆောင်းဈေးကွက် အတွင်းမှာ ကစားသမားသစ် အဖြစ် ဘန်လေ တိုက်စစ်မှူး ဗက်ဟို့စ် တဦးထဲကိုသာ ရာသီဝက်အငှားနဲ့ ခေါ်ယူထားသလို ကစားသမား အထွက်ပိုင်းမှာလည်း လူငယ် ကစားသမားတွေကို အငှားချတာတွေသာ ရှိပါတယ်။

Photo Credit: Mirror

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ စွယ်စုံရ ကွင်းလယ်လူ တဦး ဖြစ်သူ ဗန်ဒီဘိခ်ကို ဒဏ်ရာပြဿနာကြောင့် ရာသီကုန် အထိ လက်လွှတ်ရဖို့ ရှိနေပြီး ဗန်ဒီဘိခ်ရဲ့ ဒဏ်ရာပြဿနာကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က ကွင်းလယ်လူသစ် တဦးကို ထပ်မံ ခေါ်ယူဖို့ ဆန္ဒရှိနေတာပါ။

ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ရီးဒင်းနဲ့ အက်ဖ်အေဖလား ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ ဆောင်းဈေးကွက် အတွင်းမှာ သင့်တော်တဲ့ ကစားသမား တဦးကို ခေါ်ယူနိုင်မယ့် အခွင့်အရေးမျိုး ရလာရင် ခေါ်ယူဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်း ဆိုလာပါတယ်။

Photo Credit: Mirror

တန်ဟက်ဂ်က – “လာမယ့်ရက်တွေမှာ ကျွန်တော်တို့အတွက် ကစားသမားသစ် ခေါ်ယူနိုင်မယ့် အခွင့်အရေး တခုသာ ရလာခဲ့ရင် ကျွန်တော်ကတော့ ကစားသမားသစ် ခေါ်ဖို့ ကြိုးစားသွားမှာပါ။ ဒါပေမယ့် အပြောင်းအရွှေ့ တခု ဖြစ်မြောက်ဖို့ ဆိုတာ ကျွန်တော် တယောက်ထဲရဲ့ ဆုံးဖြတ်ချက်နဲ့တော့ မရသေးပါဘူး။ ကျွန်တော်တို့အသင်းက အပြောင်းအရွှေ့ လုပ်ဖို အဆင်သင့် ပြင်ထားမယ်လို့တော့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့က တရက်ပြီး တရက် ပိုပို တိုးတက်ဖို့ လိုပါတယ်။ တကယ်လို့ ကျွန်တော်တို့အသင်းကို တိုးတက်လာစေမယ့် အခွင့်အရေးမျိုး ရလာခဲ့မယ် ဆိုရင် ကျွန်တော်ကတော့ အဲ့ဒီ အခွင့်အရေးကို အရယူမှာပါပဲ။ ဒါက ကျွန်တော့်ရဲ့ အကျင့်ပါ။ ကျွန်တော့်မှာ လိုချင်တဲ့ ကစားသမား စာရင်း ရှိသလို ဘယ်နေရာတွေကို အားဖြည့်ရမလဲ ဆိုတာကိုလည်း သိထားပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။