ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ တန်ဟက်ဂ်က အင်္ဂလန် ကွင်းလယ်ကြယ်ပွင့် မေဆန်မောင့်ကို ခေါ်ယူထားပေမယ့် သူ့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် ဖီအိုရင်တီးနား ကွင်းလယ်ကြယ်ပွင့် အမ်မရာဘက်ကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးစားနေဆဲ ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် တယ်လ်ဘော့က ဖော်ပြလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယခု နွေဈေးကွက် အတွင်းမှာ အင်္ဂလန် ကွင်းလယ်လူ မေဆန်မောင့်ကို ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း သုံးကာ ခေါ်ယူပြီးနောက် အင်တာမီလန် ဂိုးသမား အိုနာနာနဲ့ အတ္တလန်တာ ကြယ်ပွင့် ဟွိုက်လန်းတို့ကို ခေါ်ဖို့ ဆက်လက် ကြိုးစားနေပြီး နှစ်ဦးစလုံးကလည်း မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားပါတယ်။

Photo Credit: Standard

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က အိုနာနာကို ပြောင်းရွှေ့ကြေး ယူရို ၅၅သန်းနဲ့ ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်နေပြီး ယူနိုက်တက်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံ မားသော့စ်က အိုနာနာရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ပြီးရင် အတ္တလန်တာ တိုက်စစ်မှူး ဟွိုက်လန်းကို ဆက်လက် ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

ဂျွန် မားသော့စ်က ဟွိုက်လန်းရဲ့ အပြောင်းအရွှေ့ အတွက် အတ္တလန်တာနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး မားသော့စ်က ဟွိုက်လန်းကို ခေါ်ယူဖို့ ကြိုးစားနေချိန်မှာ တန်ဟက်ဂ်ကလည်း ဖီအိုရင်တီးနား ကြယ်ပွင့် အမ်မရာဘက်ကို သူတို့အသင်းဆီ ပြောင်းလာအောင် စည်းရုံးမှုတွေ လုပ်နေပါတယ်။

Photo Credit: The Sun

အသက် ၂၆နှစ် အရွယ် မော်ရိုကို ကွင်းလယ်ကြယ်ပွင့် အမ်မရာဘက်က ​ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး အမ်မရာဘက်က ယခု နွေဈေးကွက် အတွင်းမှာ ဖီအိုရင်တီးနားကို စွန့်ခွာကာ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားကာ ဖီအိုရင်တီးနားကတော့ အမ်မရာဘက်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် လိုချင်နေပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ တယ်လ်ဘော့ရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က အိုနာနာနဲ့ ဟွိုက်လန်းတို့ရဲ့ အပြောင်းအရွှေ့တွေကို အပြီးသတ် ပြီးရင် အမ်မရာဘက်ကို ခေါ်ယူဖို့ ဆက်လက် ကြိုးစားသွားမှာ ဖြစ်ပြီး အမ်မရာဘက်ကလည်း ယူနိုက်တက်ဆီ ပြောင်းလာချင်နေကြောင်း သိရပါတယ်။