ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းရဲ့ ဝါရင့် ဗဟိုနောက်ခံလူ ဂျွန်နီ အီဗန်စ်ကို စာချုပ်သစ် ထပ်ချုပ်ဖို့ အသင်းရဲ့ တာဝန်ရှိသူတွေကို တိုက်တွန်းထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၃၅နှစ် အရွယ် ဝါရင့် ဗဟိုနောက်ခံလူ ဂျွန်နီ အီဗန်စ်က ပြီးခဲ့တဲ့ နွေဈေးကွက်မှာ လက်စတာ စီးတီး ကနေ မန်ချက်စတာ ယူနိုက်တက်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ၁နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

မန်ချက်စတာ ယူနိုက်တက်က ဂျွန်နီ အီဗန်စ်ကို ခေါ်ယူစဉ်မှာ အရန်ခံစစ်မှူး အဖြစ်သာ သုံးဖို့ စီစဉ်ခဲ့ပေမယ့် မထင်မှတ်ပဲ အဓိက ဗဟိုနောက်ခံလူတွေ ဖြစ်ကြတဲ့ မာတီနက်ဇ် ၊ ဗာရန်း ၊ မက်ဂွိုင်းယား စတဲ့ ကစားသမားတွေ ဆက်တိုက်ဆိုသလို ဒဏ်ရာရခဲ့တာကြောင့် အီဗန်စ်ဟာ ယူနိုက်တက် အတွက် ပွဲထွက်ခွင့်တွေ တောက်လျှောက် ရခဲ့ပါတယ်။

ဂျွန်နီ အီဗန်စ်က ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၁၅ပွဲ အထိ ပါဝင် ကစားပေးခဲ့သလို ပွဲတိုင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် တန်ဟက်ဂ် အပါအဝင် ယူနိုက်တက်ရဲ့ နည်းပြအဖွဲ့ဝင်တွေက သူ့ကို အသင်းမှာ ဆက်ထားချင်နေကြပါတယ်။

Photo Credit: Tribuna

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Starရဲ့ ဖော်ပြချက်အရ ယူနိုက်တက်နည်းပြချုပ် တန်ဟက်ဂ်က ဗဟိုနောက်ခံလူ လင်ဒီလော့ဖ်ကို ၁နှစ် စာချုပ်သက်တမ်း တိုးပြီးနောက် အီဗန်စ်ကိုပါ စာချုပ်သစ် ထပ်ချုပ်ချင်ပေးဖို့ အသင်းရဲ့ တာဝန်ရှိသူတွေထံ တောင်းဆိုထားကြောင်း သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က တန်ဟက်ဂ်ရဲ့ တောင်းဆိုချက်အရ အီဗန်စ်ကို စာချုပ်သစ် ကမ်းလှမ်းဖို့ ပြင်ဆင်နေပေမယ့် အသင်းရဲ့ လုပ်ခလစာ အများဆုံး ဗဟိုနောက်ခံလူ ဖြစ်တဲ့ ဗာရန်းကို စာချုပ်သက်တမ်း တိုးဖို့ တုံ့ဆိုင်းနေပြီး ယူနိုက်တက်ဟာ လုပ်ခလစာ လျှော့ယူမှသာ ဗာရန်းကို စာချုပ်သစ် ချုပ်မယ်လို့ နီးစပ်သူတွေက ဆိုကြပါတယ်။