ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၂)မှာ ဘရန့်ဖို့ဒ်ကို အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီးနောက် တသင်းလုံးကို မြေလှန်ဖို့ ဆုံးဖြတ်လိုက်ကြောင်း ပွဲပြီးအင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၂) အဖြစ် မန်ချက်စတာ ယူနိုက်တက်က ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရာ ၄-၀ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီး အဆိုပါပွဲစဉ် အပြီးမှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က သူဟာ ကစားသမားတွေကို တဖက် ကစားသမားတွေအား မြှားခေါ်ကာ အဝေးဘောတွေနဲ့ ကစားဖို့ ညွှန်ကြားခဲ့ပေမယ့် ကစားသမားတွေဟာ သူ့ရဲ့ စကားအတိုင်း လိုက်မလုပ်နိုင်ခဲ့ကြဘူးလို့ မချိတင်ကဲ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Football 365

တဖက်မှာတော့ ဘရန့်ဖို့ဒ်ရဲ့ အဓိက တိုက်စစ်မှူး တိုနေးက သူတို့အသင်းဟာ မန်ချက်စတာ ယူနိုက်တက်ကို ခံစစ်ဇုန်ထဲ အထိ ဖိအားပေး ကစားဖို့ စီစဉ်ခဲ့ကြောင်း ပွဲအပြီးမှာ ပြောကြားခဲ့တာကြောင့် အဲရစ် တန်ဟက်ဂ်ရဲ့ ပွဲတွင်း နည်းစနစ်ပိုင်းဟာ မှန်ကန်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားတွေက အဲရစ် တန်ဟက်ဂ်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်ပါ မကစားနိုင်ခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ ချေပဂိုး တဂိုးတောင် ပြန်မသွင်းနိုင်ပဲ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပြီး အဲရစ် တန်ဟက်ဂ်ကလည်း အဖွင့်ပွဲမှာ ဘရိုက်တန်ကို ၁-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီးနောက် အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေကို အရည်အချင်း မြင့်လာအောင် လုပ်ပေးနိုင်ကြောင်း ပြောခဲ့ရာ ကနေ ကစားသမားတွေရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်တွေ အကြောင်းကို အမှန်အတိုင်း သိမြင်သွားခဲ့ကာ ကစားသမားသစ်တွေ ခေါ်ယူပေးဖို့ တောင်းဆိုလိုက်ပါတယ်။

Photo Credit: Football 365

ဘရိုက်တန်ကို ရှုံးနိမ့်အပြီးမှာ အဲရစ် တန်ဟက်ဂ်က သူဟာ ရှိရင်းစွဲ ကစားသမားတွေနဲ့ အလုပ်ဖြစ်အောင် ကြိုးစားနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပေမယ့် ဘရန့်ဖို့ဒ်နဲ့ ပွဲအပြီးမှာတော့ သူဟာ အရည်အသွေး ပြည့်မီတဲ့ ကစားသမားသစ်တွေကို လိုအပ်ကြောင်းနဲ့ ကစားသမားသစ်တွေ အသင်းဆီ ပြောင်းလာအောင် စည်းရုံးတော့မယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ်က – “ကျွန်တော်တို့က ကစားသမားသစ်တွေကို လိုအပ်နေသလို ကစားသမားသစ်တွေကလည်း အရည်အသွေး ပြည့်မီတဲ့ ကစားသမားတွေ ဖြစ်ရပါမယ်။ ကျွန်တော်တို့က ကစားသမားသစ်တွေကို အသင်းနဲ့အတူ ပူးပေါင်းလာအောင် ကြိုးစားပြီး ဆွဲဆောင်သွားပါမယ်” လို့ ပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။