ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ နွေရာသီ နံပါတ်တစ် ပစ်မှတ် ဘာစီလိုနာ ကွင်းလယ်လူ ဖရန်ကီ ဒီဂျောင်ကို မခေါ်ယူနိုင်ခဲ့ရင် နာပိုလီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးစပ်နေတဲ့ ကွင်းလယ်လူ ဖေဘီယန် ရုစ်ကို ပြောင်းလဲ ခေါ်ယူဖို့ စဉ်းစားနေကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဂျိမ်းစ် ရော့ဘ်ဆန်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်က အသင်းကနေ ထွက်ခွာသွားတဲ့ အဓိက ကွင်းလယ်လူတွေ ဖြစ်ကြတဲ့ ပေါ့ဘာနဲ့ မာတစ်တို့ရဲ့ နေရာအတွက် သူ့ရဲ့ တပည့်ဟောင်း ဖြစ်သူ ဖရန်ကီ ဒီဂျောင်ကို ခေါ်ယူဖို့ မျက်စိကျနေသလို မန်ချက်စတာ ယူနိုက်တက်ကလည်း ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာနဲ့ သဘောတူညီမှု ရရှိထားပါတယ်။

Photo Credit: Team Talk

မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်နိုင်ဖို့ ဒီဂျောင်ရဲ့ သဘောတူညီမှု တခုထဲသာ လိုအပ်တော့ပေမယ့် ဒီဂျောင်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့် မရထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းရွှေ့ချင်ပဲ ဘာစီလိုနာမှာ ဆက်နေတာ (ဒါမှမဟုတ်) ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ ချယ်လ်ဆီးဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို မရခဲ့ရင် ပြောင်းလဲ ခေါ်ယူမယ့် ကွင်းလယ်လူတွေကို စတင် ရှာဖွေနေပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ဒီဂျောင်နဲ့ ကစားပုံ ဆင်သလို ထိပ်တန်း အရည်အသွေးတွေကိုလည်း ပိုင်ဆိုင်ထားတဲ့ နာပိုလီကြယ်ပွင့် ဖေဘီယန် ရုစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း Goal သတင်းဌာနရဲ့ ပင်တိုင် သတင်းထောက် ရော့ဘ်ဆန်က ဆိုပါတယ်။

Photo Credit: Team Talk

အသက် ၂၆နှစ် အရွယ် စပိန်လက်ရွေးစင် ကွင်းလယ်လူ ဖေဘီယန် ရုစ်က နာပိုလီနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့သလို စာချုပ်သစ် ချုပ်ဆိုဖို့လည်း မသေချာတာကြောင့် နာပိုလီကတော့ ဖေဘီယန် ရုစ် အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှု တရပ် ရလာရင် ဖေဘီယန် ရုစ်ကို ရောင်းချဖို့ ဆုံးဖြတ်ထားကြောင်းလည်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။