ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့ညမှာ ဘက်တစ်နဲ့ ယှဉ်ပြိုင် ကစားမယ့် ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ သူ့အသင်းရဲ့ အကောင်းဆုံး လူစာရင်းကို ထုတ်သုံးကာ ဘက်တစ်ကို ရင်ဆိုင်သွားမယ်လို့ ပွဲကြို အင်တာဗျူးမှာ ထုတ်ပြောလာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ အဖြစ် ဘက်တစ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် အနိုင်ရထားတာကြောင့် ကွာတားဖိုင်နယ်ဆီ တက်ရောက်ခွင့် ရဖို့ ယနေ့ညမှာ ကစားမယ့် ပွဲစဉ်မှာ အနိမ့်ဆုံး သရေရလဒ် ရယူနိုင်ဖို့သာ လိုအပ်ပါတယ်။

Photo Credit: The Analyst

မန်ချက်စတာ ယူနိုက်တက်က အနိမ့်ဆုံး သရေရလဒ် ရယူနိုင်ရုံနဲ့ ကွာတားဖိုင်နယ်ဆီ တက်လှမ်းနိုင်မှာ ဖြစ်တာကြောင့် ဘောလုံးရေးရာ သုံးသပ်သူတွေနဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေက တန်ဟက်ဂ်ဟာ ဒုတိယအကျော့ ပွဲစဉ်မှာ အရန် ကစားသမားနဲ့ လူငယ် ကစားသမားတွေကို ထုတ်သုံးလိမ့်မယ်လို့ ခန့်မှန်းထားကြပေမယ့် တန်ဟက်ဂ်ကတော့ သူဟာ အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ ဘက်တစ်ကို အကောင်းဆုံး လူစာရင်းနဲ့ ရင်ဆိုင်မယ်လို့ ဆိုလာပါတယ်။

အဲရစ် တန်ဟက်ဂ်က – “ကတ်စ်မဲရိုးနဲ့ ဘရူနိုတို့ နှစ်ယောက်စလုံး ဒီပွဲမှာ ပါဝင်လာပါလိမ့်မယ်။ ဘက်တစ်က အရမ်းကို ကောင်းတဲ့ ပြိုင်ဘက်ပါ။ ကျွန်တော်တို့က ပြီးခဲ့တဲ့ အပတ်မှာ ရလဒ်ကောင်း တခု ရယူနိုင်ခဲ့ပေမယ့် ကျေနပ်နေလို့ မရသေးပါဘူး။ ကျွန်တော်တို့က ဒုတိယအကျော့မှာလည်း ရလဒ်ကောင်း တခု ရယူနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့က အကောင်းဆုံး ကစားသမားတွေနဲ့ အကောင်းဆုံး လူစာရင်း တခုကို လိုအပ်ပါတယ်” ဆိုပြီး ဘက်တစ်နဲ့ ပွဲမှာ အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးမယ့် အကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

Photo Credit: Inside Sports

တန်ဟက်ဂ်က အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးမယ်လို့ ပြောထားပေမယ့် အဓိက နောက်ခံလူတွေ ဖြစ်ကြတဲ့ ဗာရန်း ၊ မာတီနက်ဇ်နဲ့ လုခ်ရှောတို့ထဲက အနည်းဆုံး နှစ်ဦးကို အနားပေးဖို့ စဉ်းစားထားပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပွဲပယ်ပြစ်ဒဏ် ကျခံရတော့မယ့် အဓိက ကွင်းလယ်ခံစစ် ကစားသမား ကတ်စ်မဲရိုးကတော့ ပွဲချိန်ပြည့် ပါဝင် ကစားမယ်လို့လည်း ယူနိုက်တက်နဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကွင်းလယ်လူတွေ ဖြစ်တဲ့ ဘရူနို ဖာနန်ဒက်နဲ့ ကတ်စ်မဲရိုးတို့ နှစ်ယောက်စလုံးက ဒီနေ့ညမှာ ကစားမယ့် ပွဲစဉ်မှာသာ အဝါကတ်တွေ ထိခဲ့ရင် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်ကို လွဲချော်ရမှာ ဖြစ်တာကြောင့် ဖာနန်ဒက်နဲ့ ကတ်စ်မဲရိုးတို့က ဒီနေ့ညမှာ အဝါကတ် မထိအောင် သတိထား ကစားဖို့ လိုအပ်နေပါတယ်။