မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က အသင်းဟာ လက်ရှိမှာ တိုက်စစ်ပိုင်း အားနည်းမှုတွေ ရှိနေပေမယ့် သူတို့အသင်းက ပရီးမီးယားလိဂ်မှာ expected goals xG ပိုင်းအရ တတိယမြောက် အမြင့်ဆုံးအသင်း ဖြစ်နေတယ်လို့ ပေါ်တိုအသင်းနဲ့ ယူရိုပါလိဂ် ပွဲစဉ်မတိုင်ခင်မှာပဲ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဒီရာသီမှာ ဆောက်သမ်တန်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ထဲ (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့သလို ဘန်စလေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလား တတိယအဆင့်မှာလည်း (၇)ဂိုး ဂိုးမရှိနဲ့ပင် အပြတ်အသတ် အနိုင်ရခဲ့ပေမယ့်လည်း အဲ့ဒီ(၂)ပွဲကို ဖယ်ထားလိုက်မယ်ဆိုရင် ကျန်တဲ့ (၆)ပွဲမှာ (၃)ဂိုးသာ သွင်းယူထားနိုင်ခဲ့အထိ တိုက်စစ်ပိုင်းက ဆိုးရွှားလို့နေပါတယ်။
Photo Credit : GiveMeSport
ဒါ့အပြင် ဒီနွေမှာ ခံစစ်ပိုင်း ကစားသမားသစ် (၃)ဦးအထိ အားဖြည့်ခေါ်ယူထားခဲ့ပေမယ့်လည်း ဒီရာသီ ခံစစ်ပိုင်းကလည်း အားရစရာ ရှိမနေသေးသလို တိုက်စစ်ကလည်း နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၃)ပွဲထဲ (၁)ဂိုးသာ ရထားခဲ့တဲ့အထိ အားနည်းလွန်းနေပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “ကျွန်တော်တို့အသင်းက အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်တယ်။ ပရီးမီးယားလိဂ်မှာဆိုရင် expected goals xG အပိုင်းမှာ တတိယ အမြင့်ဆုံး အသင်းလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ final third နဲ့ ဂိုးဧရိယာထဲမှာ ပိုပြီး တိုးတက်လာဖို့ လိုအပ်နေသေးတယ်။”
Photo Credit : Fabrizio Romano
“ဒီလို နေရာတွေ ရောက်ပြီဆိုတာနဲ့ လုံးဝ သားသတ်သမားတွေလိုမျိုး ဖြစ်နေရမှာ။ ကျွန်တော်တို့အသင်းက တိုက်စစ်ကစားသမားတွေမှာ ဒီလို စွမ်းဆောင်နိုင်တဲ့ စွမ်းဆောင်မှုမျိုး ရှိနေကြပါတယ်။ အဲ့ဒါတော့ သေချာပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိ ယူနိုက်တက်အသင်းမှာ မားကပ်စ် ရှပ်ရှ်ဖို့ဒ် ၊ အလက်ဟန်ဒရို ဂါနာချိုနဲ့ ခရစ္စတီယန် အဲရစ်ဆင်တို့သာ ပြိုင်ပွဲစုံမှာ (၃)ဂိုးစီ သွင်းယူထားကြပြီး ဒီနွေမှ ခေါ်ယူထားတဲ့ ဇက်ခ်ဇီးက ဖူလ်ဟမ်နဲ့ အဖွင့်ပွဲမှာသာ သွင်းဂိုးတစ်ဂိုးတည်း သွင်းထားနိုင်ခဲ့သလို ဟွိုင်လန်းဆိုရင်လည်း ကြွက်သားဒဏ်ရာကြောင့် ဒီရာသီထဲ (၃)ပွဲသာ လူစားဝင်အဖြစ်ပဲ ကစားနိုင်ခဲ့ပါတယ်။