လေဗာကူဆင်အသင်းဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဖလိုရီယန် ဝေါ့ဇ်ရဲ့နေရာကို အစားထိုးဖို့အတွက် ဘုန်းမောက်အသင်းရဲ့ တိုက်စစ်ကစားသမား ဂျက်စတင် ကလွိုင်ဗက်ကို မမျှော်လင့်ဘဲ ပစ်မှတ်ထားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
လေဗာကူဆင်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကြယ်ပွင့် ဖလိုရီယန် ဝေါ့ဇ်ဟာ ပေါင်(၁၁၆)သန်းနဲ့ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေပြီ ဖြစ်ပါတယ်။ သူ့ရဲ့နေရာမှာ အစားထိုးဖို့အတွက် လေဗာကူဆင်အသင်းဟာ နာမည်ကြီးကစားသမားတွေကို ခေါ်ယူမယ့်ပုံမပေါ်ဘဲ ပစ်မှတ်အသစ်တွေကို စတင်ချဉ်းကပ်နေပြီ ဖြစ်ပါတယ်။
Photo Credit : The Independent
talkSPORT ရဲ့ ဖော်ပြချက်အရ လေဗာကူဆင်ဟာ ကလွိုင်ဗက်အတွက် ဘုန်းမောက်အသင်းထံ စတင်စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်နေပြီလို့ သိရပါတယ်။ ဒါ့အပြင် ဒတ်ချ်သတင်းဌာန Voetbal International ကတော့ PSV အသင်းရဲ့ တောင်ပံကစားသမား ဂျိုဟန် ဘာကာယိုကို ကိုလည်း ရွေးချယ်စရာအဖြစ် ထည့်သွင်းစဉ်းစားနေတယ်လို့ ဆိုပါတယ်။
အသက်(၂၆)နှစ်အရွယ်ရှိ နယ်သာလန်ကစားသမား ကလွိုင်ဗက်ဟာ အေဂျက်စ်အသင်းမှာ နာမည်ကြီးလာပြီးနောက်ပိုင်း ကလပ်အသင်း အများအပြားကို ပြောင်းရွှေ့ကစားခဲ့ပေမယ့် ၂၀၂၄-၂၅ ရာသီမှာတော့ ဘုန်းမောက်အသင်းနဲ့အတူ သူ့ကစားသမားဘဝရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပါတယ်။
Photo Credit : TEAMtalk
စိတ်ဝင်စားစရာကောင်းတာကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ကစားသမား ခေါ်ယူရေးနဲ့ပတ်သက်ပြီး သြဇာလွှမ်းမိုးမှုရှိသူအဖြစ် လူသိများတဲ့ နည်းပြ အဲရစ် တန်ဟက်ဂ် ကိုယ်တိုင်က ကလွိုင်ဗက်ကို လေဗာကူဆင်အသင်းထံ ရောက်ရှိသွားအောင် တွန်းအားပေးနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါပဲ။ တန်ဟက်ဂ်က ကလွိုင်ဗက်ဟာ ဝေါ့ဇ်ရဲ့နေရာအတွက် အသင့်တော်ဆုံး အရည်အချင်းရှိသူလို့ ယုံကြည်နေကြောင်း talkSPORT က ဖော်ပြခဲ့ပါတယ်။
ဘုန်းမောက်အသင်းက ကလွိုင်ဗက်ကို ရောင်းချရန် မဟုတ်တဲ့ ကစားသမားအဖြစ် သတ်မှတ်ထားပေမဲ့ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး ရရှိလာပါက တားဆီးသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ကစားသမားရဲ့ စာချုပ်မှာ စာချုပ်ဖျက်သိမ်းကြေး ပါဝင်ခြင်းမရှိတဲ့အတွက် လေဗာကူဆင်နဲ့ ဘုန်းမောက်အသင်းတို့ကြား ပြောင်းရွှေ့ကြေးကို တိုက်ရိုက်ညှိနှိုင်းရမှာ ဖြစ်ပါတယ်။