ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ ဝီဂန်ကို ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ လက်လွှတ်ခဲ့ရတဲ့ အက်ဖ်အေဖလားကို အပိုင်သိမ်းဖို့ ကြိုးစားသွားမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

တန်ဟက်ဂ် ဦးဆောင်တဲ့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲ အထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဗိုလ်လုပွဲမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို ရှုံးနိမ့်ခဲ့တာကြောင့် ငွေတံဆိပ်ဆုနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit: The Sun

ယခုနှစ် ဘောလုံးရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက်က ကာရာဘောင်း ၊ ချန်ပီယံလိဂ် စတဲ့ ပြိုင်ပွဲ ၂ခု ကနေ ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံ ဖြစ်ဖို့ မဖြစ်နိုင်တော့တာကြောင့် သူတို့အတွက် အလေးထား ယှဉ်ပြိုင်စရာဟာ အက်ဖ်အေပြိုင်ပွဲ တခုထဲသာ ကျန်ပါတော့တယ်။

ဒါကြောင့်လည်း တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဝီဂန်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ အသင်းရဲ့ အဓိက ကစားသမား အစုံအလင် ထည့်သွင်းကာ ကစားခဲ့ပြီး ယူနိုက်တက်က ဒါးလော့ ၊ ဘရူနို ဖာနန်ဒက်စ် စတဲ့ ကစားသမားတွေရဲ့ သွင်းဂိုးတွေနဲ့အတူ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ယူနိုက်တက်က ဝီဂန်ကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် အက်ဖ်အေဖလားပြိုင်ပွဲရဲ့ စတုတ္ထအဆင့်ဆီ တက်ရောက်နိုင်ခဲ့ပြီး စတုတ္တအဆင့်မှာတော့ ယူနိုက်တက်က နယူးပို့တ် (သို့) အိစ်လိတ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

Photo Credit: Standard

ဝီဂန် ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲအပြီးမှာတော့ တန်ဟက်ဂ်က သူတို့အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ လက်လွှတ်ခဲ့ရတဲ့ အက်ဖ်အေဖလားကို ဒီရာသီမှာ အမိအရ သိမ်းယူနိုင်အောင် အစွမ်းကုန် ကြိုးစားမယ်လို့ ဆိုလာပါတယ်။ တန်ဟက်ဂ်က – “ဒီပြိုင်ပွဲက ကြီးမားတဲ့ ပြိုင်ပွဲကြီး တခု ဖြစ်သလို ပြိုင်ပွဲဝင် အသင်းတိုင်းက ဖလား လိုချင်ကြပါတယ်။ နည်းပြတိုင်းကလည်း အက်ဖ်အေဖလားကို သိမ်းပိုက်ချင်ကြပါတယ်။ ကျွန်တော်တို့ကလည်း အတူတူပါပဲ။ ကျွန်တော်တို့အသင်းမှာ ဒဏ်ရာရ ကစားသမားတွေ များနေသလို ဖျားနာတဲ့ လူတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီနေ့ပွဲမှာ တောင့်တင်းတဲ့ လူစာရင်းကို ထုတ်သုံးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က အသင်းကောင်း တသင်းကို ထုတ်သုံးခဲ့တာကြောင့် ဒီပွဲမှာ အနိုင်ရမယ်လို့ ယုံကြည်ခဲ့ပါတယ်။ ယုံကြည်ခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့က ကစားပုံကောင်းကောင်းနဲ့ ကစားနိုင်ခဲ့သလို နိုင်ပွဲလည်း ရခဲပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။