ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ ယနေ့ နေ့လယ်ပိုင်းမှာတင် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ချယ်လ်ဆီးနည်းပြဟောင်း သောမတ်စ် တူဟယ်လ် အတွက် စိတ်မကောင်းကြောင်းနဲ့ ယခုအချိန်ဟာ နည်းပြတဦးကို ထုတ်ပယ်ဖို့ စောလွန်းသေးကြောင်း ဆိုစီဒက်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးက ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲ အဖြစ် ယမန်နေ့ညမှာ ခရိုအေးရှားကလပ် ဒိုင်နမို ဇာဂရက်ဘ်နဲ့ ရင်ဆိုင် ယှဉ်ပြိုင်ခဲ့ရာ ၁-၀ ဆိုတဲ့ စိတ်ပျက်ဖွယ်ရာ ရလဒ်နဲ့အတူ ရှုံးနိမ့်ခဲ့ပြီး အဆိုပါရှုံးပွဲအပြီး သိပ်မကြာခင်မှာပဲ ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေ ကိုယ်တိုင် တူဟယ်လ်ကို ဖုန်းဆက်ကာ ရာထူးကနေ ထုတ်ပယ်ကြောင်း အသိပေး ပြောကြားခဲ့ပါတယ်။

Photo Credit: Fot Mob

သောမတ်စ် တူဟယ်လ်က ပြီးခဲ့တဲ့ ၂နှစ်ခွဲ ကာလအတွင်းမှာ ချယ်လ်ဆီး အတွက် ချန်ပီယံလိဂ်ဆုဖလား ၊ ဥရောပ စူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတို့ကို အရယူပေးနိုင်ခဲ့တဲ့ ထိပ်သီးနည်းပြ ဖြစ်ပေမယ့် ချယ်လ်ဆီးပိုင်ရှင် တော့ပ် ဘိုလေကတော့ သူတို့အသင်းမှာ အသင်းကို ရေရှည် ကိုင်တွယ်ပေးနိုင်မယ့် နည်းပြကိုသာ ထားချင်တာကြောင့် တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်ကာ ဘရိုက်တန်နည်းပြ ဂရေဟမ် ပေါ်တာကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။

ချယ်လ်ဆီးရဲ့ တူဟယ်လ်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့မှုဟာ ချယ်လ်ဆီးပရိသတ်တွေ အပါအဝင် ဘောလုံးပရိသတ် အများအပြားကို အံ့အားသင့်စေခဲ့တဲ့ ဆုံးဖြတ်ချက် တရပ် ဖြစ်ပြီး ချယ်လ်ဆီးအနေနဲ့ တူဟယ်လ်ကို ယခုထက် ပိုပြီး အချိန်ပေးခဲ့သင့်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

Photo Credit: Fot Mob

မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ တူဟယ်လ် ထုတ်ပယ်ခံရမှုနဲ့ ပတ်သတ်ပြီး သူ့ရဲ့ အမြင်ကို အခုလိုပဲ ပြောပြသွားခဲ့ပါတယ်။ တန်ဟက်ဂ်က – “ကျွန်တော်က သူ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ဒါပေမယ့် ကျွန်တော်က ချယ်လ်ဆီးအသင်းရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သတ်ပြီး ဘာကိုမှ ပြောပိုင်ခွင့် မရှိပါဘူး။ မန်ချက်စတာ ယူနိုက်တက်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်လည်း မဟုတ်ဘူးလေ။ ဒါပေမယ့် အခုချိန်က ရာသီအစပဲ ရှိသေးတော့ အရမ်းကို စောလွန်းနေတယ်လို့ပဲ သုံးသပ်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။