မန်ချက်စတာ ယူနိုက်တက်အသင်း နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ အသင်းက ခံစစ်ကစားသမား အများအပြားရဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် လာမယ့်ပွဲစဉ်တွေအတွင်း ဝါရင့် ဗဟိုခံစစ်ကစားသမားကြီး ဂျွန်နီ အီဗန်စ်ကို ဘယ်ခြမ်းခံစစ်နေရာမှာပါ ပြောင်းလဲ အသုံးပြုသွားဖို့အထိ စီစဉ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ယူနိုက်တက်အသင်းရဲ့ ခံစစ်ပိုင်းမှာ ဘယ်နောက်ခံလူတွေဖြစ်တဲ့ လုခ်ရှော ၊ မာလာစီယာ ဗဟိုခံစ်မှူးတွေဖြစ်တဲ့ ယိုရိုနဲ့ မက်ဂွိုင်းယားတို့ ဒဏ်ရာတွေ အသီးသီး ရရှိနေကြတဲ့အပြင် အခု ညာနောက်ခံလူ မာဇာရာဝီကပါ နှလုံးပြဿနာကြောင့် အနားယူရဦးမှာဖြစ်လို့ ဒါက တန်ဟက်ဂ်အတွက် ခေါင်းခဲစရာ ဖြစ်နေရပါတယ်။

Photo Credit : United in Focus

ယူနိုက်တက်မှာ မာဇာရာဝီသာ မကစားနိုင်ဘူးဆိုရင်တော့ ဒီရာသီထဲ တောက်လျှောက် ဘယ်ခြမ်းမှာပဲ အသုံးပြုနေရတဲ့ ဒါလော့ကို သူရဲ့ ပုံမှန်နေရာဖြစ်တဲ့ ညာခြမ်းဆီ ပြန်လည် ပို့ဆောင်ရတော့မှာဖြစ်လို့ ဘယ်ခြမ်းနေရာအတွက်ကိုတော့ တခြား ကစားသမား တစ်ဦးဦးကို အသုံးပြုသွားရပါတော့မယ်။

နည်းပြ တန်ဟက်ဂ်ကတော့ လီဆန်ဒရို မာတီနက်ဇ်ကိုပါ ဘယ်ခြမ်းမှာ ထားသုံးခဲ့ဖူးပေမယ့် ဒါက အလုပ်မဖြစ်ခဲ့တာကို မြင်တွေ့ခဲ့ရတာကြောင့် လင်ဒီလော့ဖ်နဲ့ အီဗန်စ်တို့ထဲက တစ်ဦးဦးကိုသာ ဘယ်ခြမ်းမှာ သုံးရနိုင်ပြီး The Mirror ရဲ့ ဖော်ပြချက်မှာတော့ တန်ဟက်ဂ်က အီဗန်စ်ကိုပဲ ဘယ်ခြမ်းမှာ သုံးလာလိမ့်မယ်လို့ သုံးသပ်ထားပါတယ်။

Photo Credit : Goal

အသက် (၃၆)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဗဟိုခံစစ်ကစားသမားကြီး အီဗန်စ်ကတော့ ပြီးခဲ့တဲ့ အက်စတွန် ဗီလာနဲ့ ယူနိုက်တက်တို့ပွဲမှာ ပါဝင်ခဲ့ရင်း ခံစစ်စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့လို့ တစ်ပွဲလုံးရဲ့ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့သူလည်း ဖြစ်ပါတယ်။

အခုလည်း အီဗန်စ်က အသင်းမှာ ကစားသမား လိုအပ်ချက်အရ ဗဟိုခံစစ်အပြင် ဘယ်ခြမ်းခံစစ်နေရာအထိပါ ကစားပေးရဖွယ် ရှိနိုင်ပြီး တန်ဟက်ဂ်ကတော့ လူငယ် ဘယ်နောက်ခံကစားသမားလေး အာမတ်စ်ကို အသုံးပြုဖို့ထက် လင်ဒီလော့ဖ်နဲ့ အီဗန်စ်တို့လို အတွေ့အကြုံရင့် ကစားသမားတွေကိုသာ အသုံးပြုသွားဖွယ်သာ ရှိနေပါတယ်။