ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာ ဝီဂန်ကို အဝေးကွင်းမှာ ၀-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် သူ့အသင်းဟာ ဝီဂန်ကို ဒီထက်ပိုပြီး ဂိုးသွင်းနိုင်ခဲ့သင့်တယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ရလဒ်တွေရော ၊ ခြေစွမ်းပိုင်းပါ ဆိုးရွားခဲ့ပေမယ့် အက်ဖ်အေဖလား တတိယအဆင့် အဖြစ် ဝီဂန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့တဲ့ ပွဲစဉ်မှာ သူတို့ရဲ့ ခြေစွမ်းကောင်းတွေကို ပြန်လည် ရရှိခဲ့ပြီး ဂိုးပြတ်နိုင်ပွဲနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ခဲ့ပါတယ်။

Photo Credit: 90 Min

ဝီဂန်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ပွဲစဉ်မှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြပြီး ဧည့်သည် မန်ချက်စတာ ယူနိုက်တက်က အိမ်ရှင် ဝီဂန်ထက် ကစားသမားအင်အား ပိုမို တောင့်တင်းတာကြောင့် ပွဲစပွဲဆုံး ဝီဂန်ဘက်ကို တရစပ် ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့ပါတယ်။

ဝီဂန် ၀-၂ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ ယူနိုက်တက် အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၂၂မိနစ်မှာ နောက်ခံလူ ဒါးလော့နဲ့ ပွဲချိန် ၇၄မိနစ်မှာ ပင်နယ်တီကနေ တဆင့် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်တို့က အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

Photo Credit: Football 365

ပွဲပြီးဆုံးချိန်မှာတော့ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်က သူ့အသင်းရဲ့ ခြေစွမ်းပိုင်းကို အတော်လေး သဘောကျကြောင်းနဲ့ သူ့အသင်းဟာ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးကောင်း များစွာ ဖန်တီးနိုင်ခဲ့တာကြောင့် ဒီထက်ပိုပြီး ဂိုးပြတ်ခဲ့သင့်တယ်လို့ ဆိုခဲ့ပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့က ဒီထက်ပိုပြီး ဂိုးပြတ်ခဲ့သင့်ပါတယ်။ ပထမပိုင်းမှာဆိုရင် ကျွန်တော်တို့က ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ ၅ကြိမ် ၊ ၆ကြိမ်လောက် ရခဲ့တယ်လေ။ ကျွန်တော်တို့က အရမ်းကောင်းတဲ့ ကစားပုံကို ပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့က ဂိုးတွေ ပိုရခဲ့သင့်ပါတယ်။ ဘောလုံးလောကမှာ ဂိုးမသွင်းနိုင်ရင် ပွဲထဲမှာ အပြည့်အဝ အာရုံစိုက်ထားဖို့ လိုပါတယ်။ ကျွန်တော်တို့က အဲ့ဒါကိုလည်း အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။