ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်းရဲ့ ရလဒ်ပိုင်းက အတော်လေး ဆိုးရွားခဲ့ပေမယ့် အသင်းရဲ့ ကစားသမားအင်အားကို ကြည့်လိုက်ရင် သူတို့အသင်းဟာ ပိုပြီး တိုးတက်လာတယ် ဆိုတာကို အတိုင်းသား မြင်ရလိမ့်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီ အစမှာ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့ရဲ့ ပထမဦးဆုံး ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်က ကာရာဘောင်း ချန်ပီယံ ဖြစ်ခဲ့သလို အက်ဖ်အေဖလားပြိုင်ပွဲမှာ ငွေတံဆိပ်ကို ရယူနိုင်ခဲ့ကာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်(၃)နဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ပထမ ဘောလုံးရာသီမှာ မျှော်မှန်းထားတာထက် ပိုပြီး အောင်မြင်ခဲ့တာကြောင့် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီ အစမှာ အိုနာနာ ၊ ဟွိုင်လန်း ၊ မေဆန်မောင့် စတဲ့ တန်ကြေးမြင့် ကစားသမားတွေကို ခေါ်ယူကာ အားဖြည့်မှုတွေ လုပ်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ ဒီရာသီမှာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေက မကြာခဏ ဒဏ်ရာတွေ ရခဲ့တာကြောင့် ယူနိုက်တက်ဟာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ကာရာဘောင်းပြိုင်ပွဲတွေ ကနေ အစောကြီး ထွက်ခွာခဲ့ရသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ပြီး အဆင့်(၈)နေရာ အထိ ရောက်ရှိနေပါတယ်။ ဒါပေမယ့် တန်ဟက်ဂ်က အခက်အခဲတွေကြားကနေ မန်ချက်စတာ ယူနိုက်တက်ကို အက်ဖ်အေဖလား ဗိုလ်လုပွဲဆီ ဒုတိယအကြိမ်မြောက် ထပ်မံ ပို့ဆောင်ပေးထားနိုင်ပြီး ဗိုလ်လုပွဲမှာတော့ မန်ချက်စတာ ယူနိုက်တက်က မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးနဲ့ ရင်ဆိုင် ကစားရမှာပါ။

Photo Credit: Sky Sports

ယနေ့ညမှာတော့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲ အဖြစ် ဘရိုက်တန်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်ကတော့ သူတို့အသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ မရခဲ့ပေမယ့် အရင်နှစ်ထက် ပိုပြီး တိုးတက်လာတယ်လို့ ဘရိုက်တန်နဲ့ပွဲ အတွက် လုပ်ခဲ့တဲ့ ပွဲကြိုအင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ရလဒ်တွေကိုပဲ ကြည့်မယ် ဆိုရင် ခင်ဗျားက ကျွန်တော်တို့အသင်းဟာ ပြီးခဲ့တဲ့ ၁နှစ် အတွင်းမှာ မတိုးတက်လာဘူးလို့ ပြောချင် ပြောပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့က ဘာကြောင့် ရလဒ်တွေ ဆိုးဝါးခဲ့လဲ ဆိုတာကို သိပါတယ်။ (ဒဏ်ရာပြဿနာတွေကြောင့် ရလဒ်ဆိုးရခြင်းအား ရည်ရွယ်လျက်) ဒါကြောင့်ပဲ ကျွန်တော်ကတော့ ကျွန်တော်တို့အသင်းဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုပြီး တိုးတက်လာတယ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ရဲ့ လူစာရင်းထဲမှာ အရည်အသွေးမြင့်တဲ့ ကစားသမားတွေလည်း များလာပါပြီ။ ကစားသမားပိုင်းကို ကြည့်လိုက်ရင် ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်ထက် ပိုကောင်းလာတယ်လို့ ပြောရပါမယ်” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။