ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်က သူတို့အသင်းဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာဒါဘီပွဲမှာ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ပွဲကြိုအင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ပထမ ရာသီဝက်မှာ ရလဒ်တွေ ဆိုးခဲ့ပေမယ့် ၂၀၂၄ခုနှစ် အတွင်းမှာ ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ပွဲမှာ ၁ပွဲထဲသာ ရှုံးနိမ့်ထားပါတယ်။

Photo Credit – BBC

မန်ချက်စတာ ယူနိုက်တက်က ရာသီကုန်ချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ကို ရယူချင်နေတာကြောင့် လက်ကျန် ရာသီဝက်အတွင်းမှာ နိုင်ပွဲတွေ ဆက်တိုက် ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပြီး ယနေ့ညမှာတော့ ယူနိုက်တက်က မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးကို အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။

ယူနိုက်တက်က ၂၀၂၄ခုနှစ် အတွင်းမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ပေမယ့် အဓိက တိုက်စစ်မှူး ဟွိုက်လန်း ဒဏ်ရာရသွားပြီးနောက် ကစားပုံ သိသိသာသာ အားနည်းသွားတာကြောင့် အဝေးကွင်းမှာ လက်ရှိချန်ပီယံ စီးတီးကို ယှဉ်ကစားနိုင်ဖို့ မလွယ်ပါဘူး။

Photo Credit – Sports Max

ဒါပေမယ့် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်ကတော့ သူတို့အသင်းမှာ စီးတီးကို ထိုးနှက်နိုင်တဲ့ အရည်အသွေးတွေ ရှိတယ်လို့ အပြည့်အဝ ယုံကြည်ထားပြီး တန်ဟက်ဂ်က သူဟာ စီးတီးကို လေးစားပေမယ့် သူတို့အသင်းက စီးတီးကို “အနိုင်ယူနိုင်တယ်” ဆိုတဲ့ စကားကို ပြောဖို့ တွန့်ဆုတ်နေမှာ မဟုတ်ကြောင်း ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်က မန်ချက်စတာ စီးတီးကို အတော်လေး လေးစားပါတယ်။ ဒါပေမယ့် အဲ့ဒီလေးစားမှုက ကျွန်တော်တို့ဟာ စီးတီးကို အနိုင်မကစားနိုင်ဘူး လို့ တွေးပေးမယ့် လေးစားမှုမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့က ဒီနေ့ညမှာ မန်ချက်စတာ စီးတီးကို အနိုင်ယူနိုင်စွမ်း ရှိတယ် ဆိုတာကို သက်သေပြသွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။