ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၃)မှာ နော်တင်ဟမ် ဖောရက်စ်ကို ၂ဂိုးပြတ် ရှုံးနိမ့်နေရာ ကနေ ၃ဂိုး လိုက်သွင်းကာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ ပြန်အနိုင်ယူခဲ့ပြီးနောက် သူတို့အသင်းဟာ အမြဲတမ်း Comebackနိုင်တဲ့ အသင်းလို့ ကြွေးကြော်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ်(၂) အပြီးမှာ ၁ပွဲနိုင် ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရရှိထားတဲ့ မန်ချက်စတာ ယူနိုက်တက်က ပွဲစဉ်(၃) အဖြစ် နော်တင်ဟမ် ဖောရက်စ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရပြီး အဆိုပါပွဲမှာ တန်ဟက်ဂ်က အဓိက ကစားသမား အစုံအလင် ထည့်သွင်းကာ အနိုင် ၃မှတ် ရရှိရေး အတွက် ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit: Euro Sports

မန်ချက်စတာ ယူနိုက်တက်က လူစုံထုတ် ကစားလာခဲ့ပေမယ့် ပွဲအစ ၄မိနစ်အတွင်းမှာပဲ နော်တင်ဟမ် ဖောရက်စ်ကို ပေးဂိုး ၂ဂိုး အထိ ခွင့်ပြုပေးခဲ့ရပြီး နော်တင်ဟမ် ဖောရက်စ် တိုက်စစ်မှူး အဝိုနီရီနဲ့ နောက်ခံလူ ဘိုလီတို့က ၂မိနစ်နဲ့ ၄မိနစ်တို့မှာ နော်တင်ဟမ် ဖောရက်စ် အတွက် ဦးဆောင်ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြတာပါ။

ပွဲအစ ၄မိနစ်မှာတင် ၀-၂ ဆိုတဲ့ ရလဒ် ဖြစ်သွားတာကြောင့် မန်ချက်စတာ ယူနိုက်တက်က ချေပဂိုးတွေ ပြန်လည် ရရှိဖို့ အတွက် နော်တင်ဟမ် ဖောရက်စ်ကို တဖက်သတ် ဖိအားပေး တိုက်စစ်ဆင် ကစားခဲ့ပြီး ပွဲချိန် ၁၇မိနစ်မှာ အဲရစ်ဆင်က ပထမ ချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အဲ့ဒီနောက် ပွဲချိန် ၅၂မိနစ်မှာတော့ ကတ်စ်မဲရိုးက ဘရူနိုရဲ့ ပေးပို့မှုကို အလှပဆုံး ပိတ်သွင်းကာ ယူနိုက်တက် အတွက် ဒုတိယမြောက် ချေပဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၆၇မိနစ်မှာတော့ နော်တင်ဟမ် ဖောရက်စ် အသင်းခေါင်းဆောင် ဝေါ်ရယ်က ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်ကို တားဆီးခဲ့ရာ ကနေ တိုက်ရိုက် အနီကတ် ထိခဲ့ပြီး ၁ယောက် အသာစီး ရသွားချိန်မှာ ယူနိုက်တက်ဟာ အနိုင်ဂိုး ရရှိရေး အတွက် အားကုန်ထုတ် တိုက်စစ်ဆင် ကစားခဲ့ပါတယ်။

Photo Credit: Sky Sports

ပွဲချိန် ၇၆မိနစ်မှာတော့ မားကပ် ရက်ဖို့ဒ်ကြောင့် ယူနိုက်တက်တို့ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပြီး အဆိုပါ ပင်နယ်တီကို ဘရူနို ဖာနန်ဒက်က အမှားအယွင်း မရှိ ကန်သွင်းကာ အသင်းအတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ မန်ချက်စတာ ယူနိုက်တက် ၃-၂ နော်တင်ဟမ် ဖောရက်စ် ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က သူတို့အသင်းဟာ အမြဲတမ်း Comebackနိုင်တဲ့ အသင်းမျိုး ဖြစ်ကြောင်း ပြောကြားရင်း ကစားသမားတွေကို ချီးကျူးသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်က ဖောရက်စ်ကို လေးစားပေမယ့် ကျွန်တော်တို့က ပြိုင်ဘက်တွေကို အဲ့ဒီလို အလွယ်တကူ ဂိုးတွေ သွင်းယူခွင့် မပေးသင့်ပါဘူး။ ပြိုင်ဘက်တွေက လွတ်လွတ်ကျွတ်ကျွတ်နဲ့ ဂိုးတွေ သွင်းသွားခဲ့တာပါ။ ဒါက ရူးချင်စရာ ကောင်းပါတယ်။ ဒါပေမယ့် တခါတလေ ဒီလိုမျိုးတွေ ဖြစ်တတ်ပါတယ်။ အကောင်းဆုံးအရာက ကျွန်တော်တို့တွေ တည်တည်ငြိမ်ငြိမ် ကစားနိုင်ခဲ့တာပါပဲ။ ကျွန်တော်တို့အသင်းက အမြဲတမ်း အရှုံးတွေကနေ ပြန်လာနိုင်တဲ့ အသင်းဆိုတာ ခင်ဗျားတို့တွေလည်း သိကြမှာပါ။ ရှုံးနေရာ ကနေ ပြန်နိုင်ဖို့ ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် ကျွန်တော်တို့က အသင်းသားတွေကို ဂုဏ်ပြုပေးဖို့ လိုပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။