ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ဆီဗီးလားကို ၂ဂိုးပြတ်နဲ့ ဦးဆောင်ထားနိုင်ပြီးမှ ပွဲပြီးခါနီးမှာ ချေပဂိုးတွေ ပြန်ပေးကာ သရေကျခဲ့ရတာဟာ ပွဲထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ဒဏ်ရာပြဿနာတွေကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ငြီးတွားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်နဲ့ ဆီဗီးလားတို့က ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း ဖြစ်တဲ့ အိုးထရက်ဖို့ဒ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြပြီး အဆိုပါပွဲမှာ နှစ်သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးခဲ့ကြပေမယ့် အိမ်ရှင် အားသာချက် ရှိတဲ့ မန်ချက်စတာ ယူနိုက်တက်ကပဲ ပွဲအစထဲက ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ကာ ပထမပိုင်းမှာတင် ဦးဆောင်ဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

မန်ချက်စတာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုး ၂ဂိုးစလုံးကို ကွင်းလယ်လူ ဖြစ်တဲ့ ဆာဘစ်ဇာက သွင်းယူပေးခဲ့တာ ဖြစ်ပြီး ၂-၀ ဆိုတဲ့ ရလဒ်နဲ့ ဦးဆောင်နိုင်ချိန်မှာ မန်ချက်စတာ ယူနိုက်တက်ကသာ နိုင်ပွဲ ရသွားတော့မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် မမျှော်လင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားတွေက ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက ဗဟိုခံစစ်မှူး တဦး ဖြစ်သူ ဗာရန်းက ပထမပိုင်းမှာ ဒဏ်ရာရသွားတာကြောင့် ပထမပိုင်း အပြီးမှာ အသင်းဖော် မက်ဂွိုင်းယားနဲ့ လူစားလဲခံခဲ့ရသလို ပွဲချိန် ၈၅မိနစ်မှာလည်း နောက်ထပ် အဓိက ဗဟိုခံစစ်မှူး ဖြစ်သူ မာတီနက်ဇ်က ထပ်မံ ဒဏ်ရာရခဲ့ပြီး မာတီနက်ဇ် တယောက် ဒဏ်ရာရချိန်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ လူစားလဲခွင့် ကုန်သွားပြီ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်ဟာ ၁၀ယောက်ထဲနဲ့ ပွဲကို ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ရကာ နောက်ဆုံးမိနစ် ချေပဂိုးလည်း ခွင့်ပြုပေးခဲ့ရပါတယ်။

Photo Credit: The Sun

ဆီဗီးလားအတွက် ချေပဂိုးတွေကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ် ကစားသမားတွေ ဖြစ်တဲ့ မာလာစီယာနဲ့ ဟယ်ရီ မက်ဂွိုင်းယားတို့ရဲ့ ပွဲချိန် ၈၄မိနစ်နဲ့ ၉၀+၃မိနစ်တို့မှာ ကိုယ့်ဂိုးကိုယ် သွင်းယူမှုတွေ ကနေ တဆင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဒါကြောင့်လည်း မန်ချက်စတာ ယူနိုက်တက် ၂-၂ ဆီဗီးလား ပွဲအပြီးမှာ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က သူတို့အသင်းဟာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရလို့သာ ကံမကောင်းစွာနဲ့ သရေကျခဲ့ရတာလို့ ပြောကြားလာခဲ့တာပါ။ တန်ဟက်ဂ်က – “ကျွန်တော်တို့က နောက်ထပ် ၁ပွဲကို ထပ်ကစားရပါဦးမယ်။ ကျွန်တော်တို့က ၂-၀နဲ့ ဦးဆောင်နိုင်ခဲ့သလို နောက်ထပ် ၂ဂိုးလောက် ထပ်ရခဲ့သင့်ပါတယ်။ ဒီပွဲမှာ ကျွန်တော်တို့ကပဲ ကစားပုံ ကောင်းကောင်းနဲ့ ကစားနိုင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့က ကံမကောင်းစွာနဲ့ ဒဏ်ရာပြဿနာတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဒဏ်ရာရသွားတဲ့ ဗာရန်းကို ပထမပိုင်း အပြီးမှာပဲ လူစားလဲခဲ့ရသလို မာရှယ်ကိုလည်း သူ့ရဲ့ ပထမဦးဆုံး ပွဲဦးထွက် ဖြစ်တာကြောင့် (ဒဏ်ရာကနေ ပြန်သက်သာလာပြီးမှ) အနားပေးခဲ့ရပါတယ်။ ပြီးတော့ အန်တိုနီနဲ့ ဘရူနိုတို့ကလည်း အဝါကတ်တွေ ထိထားတာကြောင့် သူတို့ကို ထပ်ပြီး လူစားလဲခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော်တို့က ပွဲကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားခဲ့ပြီး နောက်ထပ် ကံဆိုးမှု တခုအနေနဲ့ မာတီနက်ဇ်က ဒဏ်ရာထပ်ရသွားခဲ့ပါတယ်။ မာတီနက်ဇ် ဒဏ်ရာရပြီးတဲ့ အချိန်မှာ ကျွန်တော်တို့က ၁၀ယောက်ထဲနဲ့ ကစားခဲ့ရပြီး ကံမကောင်းစွာနဲ့ ချေပဂိုးတွေ ထပ်ပေးခဲ့ရပါတယ်။ ကျွန်တော်တို့က ကံမကောင်းလွန်းလို့သာ သရေကျခဲ့တာပါ။ ကျွန်တော်တို့က ဒါကို သင်ခန်းစာ ယူရပါမယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ ဘာမဆို ဖြစ်နိုင်တဲ့ ဒုတိယအကျော့ ရှိနေပါသေးတယ်” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။