ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချယ်လ်ဆီး ၄-၃ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်မှာ သူတို့အသင်းဟာ ခြေစွမ်းပိုကောင်းခဲ့တဲ့ အသင်း ဖြစ်တာကြောင့် နိုင်ပွဲနဲ့ ပိုမို ထိုက်တန်ခဲ့ကြောင်း ပွဲပြီးအင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲမှာ ပါဝင်သလို သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတိုင်း ပွဲကြီးပွဲကောင်း ဖြစ်လေ့ ရှိပြီး ယနေ့မနက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ သူတို့နှစ်သင်းရဲ့ ပွဲစဉ်ကလည်း ပရိသတ်တွေကို ဖျော်ဖြေမှုအပြည့် ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ရာသီမကုန်ခင် ရမှတ်တွေ တတ်နိုင်သလောက် စုဆောင်းနိုင်ဖို့ လိုအပ်တာကြောင့် အနိုင်ရလဒ် ရရှိအောင် အဓိက ကစားသမား အစုံအလင် ထုတ်သုံးခဲ့ကြပြီး ပွဲအစပိုင်းမှာ ဧည့်သည် ယူနိုက်တက်ရဲ့ အထလေးမှုကို အခွင့်ကောင်း ယူကာ ပွဲချိန် မိနစ် ၂၀ မပြည့်ခင်မှာတင် ဂါလက်ချာနဲ့ ပါလ်မာတို့က ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုးတွေ သွင်းယူပေးခဲ့ပါတယ်။

၂ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီးနောက် ချယ်လ်ဆီးက နိုင်ပွဲကို သက်တောင့်သက်သာ ရသွားတော့မယ်လို့ ထင်မှတ်ခဲ့ကြပေမယ့် တန်ဟက်ဂ်ရဲ့ မန်ချက်စတာ ယူနိုက်တက်က ချေပဂိုးတွေ ပြန်ရဖို့ တရစပ် တိုက်စစ်ဆင် ကစားခဲ့တာကြောင့် ပထမပိုင်း မပြီးခင်မှာတင် ဂါနာချိုနဲ့ ဖာနန်ဒက်စ်တို့က မန်ချက်စတာ ယူနိုက်တက် အတွက် ချေပဂိုးတွေကို ပြန်သွင်းပေးခဲ့ပါတယ်။

Photo Credit: Football 365

အဲ့ဒီနောက် ဒုတိယပိုင်းကို ဆက်လက် ယှဉ်ပြိုင် ကစားခဲ့ရာမှာလည်း မန်ချက်စတာ ယူနိုက်တက်ကသာ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ပွဲချိန် ၆၇မိနစ်မှာ ဂါနာချိုက မန်ချက်စတာ ယူနိုက်တက် အတွက် ဦးဆောင်ဂိုးကို ပြန်သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် အိမ်ရှင် ချယ်လ်ဆီးက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်ရဖို့ တရစပ် တိုက်စစ်ပြန်ဆင်လာခဲ့ပြီး ပွဲပြီးဆုံးဖို့ ၃မိနစ်ခန့် အလိုမှာပဲ ပါလ်မာရဲ့ အံ့အားသင့်ဖွယ်ကောင်းတဲ့ ခြေစွမ်းကောင်းတွေနဲ့အတူ ချယ်လ်ဆီးဟာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဆက်တိုက် သွင်းယူနိုင်ခဲ့ကာ ၄-၃ ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းမှာ အစဉ်အလာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အနိုင်ရရှိခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ပေးလိုက်ရတဲ့ သွင်းဂိုးတွေကြောင့် ချယ်လ်ဆီးကို အရှုံးပေးခဲ့ရပြီးနောက် ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဒီနေ့ပွဲမှာ နိုင်ပွဲ ရသင့်တဲ့ အသင်းဟာ သူတို့အသင်းဟာ ဖြစ်ကြောင်း မချိတင်ကဲ ဆိုလာပါတယ်။ တန်ဟက်ဂ်က – “ကျွန်တော်တို့က ဒီနေ့ပွဲမှာ အနိုင်ရလဒ်နဲ့ ထိုက်တန်တဲ့ အသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့က မလုပ်သင့်တဲ့ အမှားတွေကို လုပ်မိခဲ့ပါတယ်။ ဒါကြောင့်ပဲ နိုင်ပွဲကို လွှင့်ပစ်မိသလို ဖြစ်ခဲ့တာပါ။ ဒီနေ့ပွဲမှာ ကျွန်တော်တို့ရဲ့ ပွဲအစ ကစားပုံက အတော်လေး ဆိုးရွားခဲ့ပါတယ်။ ကျွန်တော်တို့က ဘောလုံးတွေကို အလွယ်တကူ ဆုံးရှုံးခဲ့ပါတယ်။ ပြီးတော့ ချယ်လ်ဆီးရဲ့ အဖွင့်ဂိုး ၂ဂိုးမှာလည်း ခံစစ်ကစားပုံက ဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော်တို့က ပွဲကို စိုးမိုးနိုင်ခဲ့သလို ကျွန်တော်တို့ရဲ့ ကစားပုံကလည်း အကောင်းဆုံး ဖြစ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။