ပူပူနွေးနွေး ကာရာဘောင်းချန်ပီယံ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်ဖ်အေဖလား ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ ဝက်စ်ဟမ်းကို အနောက်ကနေ လိုက်ကစားရင်း ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းဟာ ရှုံးပွဲကြုံရမှာကို မုန်းတဲ့ အသင်း ဖြစ်နေပြီလို့ ကြွေးကြော်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကာရာဘောင်းဖလား ဗိုလ်လုပွဲအဖြစ် နယူးကာဆယ်နဲ့ ရေကုန်ရေခမ်း ယှဉ်ပြိုင် ကစားခဲ့ရတာကြောင့် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ ပွဲမှာ အရန် ကစားသမားတွေ ဖြစ်တဲ့ မက်ဂွိုင်းယား ၊ လင်ဒီလော့ဖ် ၊ တော်မီနေး ၊ ဂါနာချို ၊ မာလာစီယာ စတဲ့ ကစားသမားတွေကို ပွဲထွက်ခွင့် ပေးခဲ့ပြီး ရက်ဖို့ဒ် ၊ ဗာရန်း ၊ ကတ်စ်မဲရိုး ၊ မာတီနက်ဇ် ၊ လုခ်ရှော စတဲ့ ကစားသမားတွေကို အနားပေးခဲ့ပါတယ်။

Photo Credit: Football 365

အရန် ကစားသမား အများအပြားနဲ့ ပွဲထွက်လာခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်က ပထမပိုင်းမှာ ဧည့်သည် ဝက်စ်ဟမ်းကို ခြေစွမ်းအသာနဲ့ ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဝက်စ်ဟမ်းကတောင် အန်တိုနီယို ၊ ဘန်ရာမာနဲ့ ဖိုနယ်တို့ရဲ့ တဦးချင်း တိုက်စစ်ဆင်မှုတွေ ကနေ တဆင့် ဂိုးသွင်းခွင့်တွေ ပိုရခဲ့ပါသေးတယ်။

အဆိုပါပွဲရဲ့ အဖွင့်ဂိုးကိုလည်း ဝက်စ်ဟမ်းကပဲ စတင် ရရှိခဲ့ပြီး ဝက်စ်ဟမ်းက ပွဲချိန် ၅၄မိနစ်မှာ သွင်းယူခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား ဘန်ရာမာရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပေမယ့် တန်ဟက်ဂ်က ရက်ဖို့ဒ် ၊ ကတ်စ်မဲရိုး ၊ မာတီနက်ဇ် စတဲ့ အဓိက ကစားသမားတွေကို ထည့်သွင်းခဲ့ချိန်မှာ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ အကောင်းဆုံး ကစားဟန် တခုကို ပြန်လည် ရရှိခဲ့ကာ ဝက်စ်ဟမ်းဘက်ကို ချေပဂိုးနဲ့ အနိုင်ဂိုးတွေ တောက်လျှောက် သွင်းယူနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၃-၁ ဝက်စ်ဟမ်း ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က ချေပဂိုးကို ဝက်စ်ဟမ်း နောက်ခံလူ အာဂတ်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှု ကနေ ရရှိခဲ့သလို အနိုင်ဂိုးတွေကိုလည်း ပွဲချိန် ၉၀မိနစ်မှာ ဂါနာချို ၊ ပွဲချိန် ၉၀+၅မိနစ်မှာ ဖရက်ဒ်တို့က အသီးသီး သွင်းယူပေးခဲ့ကြပါတယ်။

Photo Credit: Football 365

ပွဲပြီးဆုံးချိန်မှာတော့ အဲရစ် တန်ဟက်ဂ်က ဝက်စ်ဟမ်းကို ၀-၁နဲ့ အရေးနိမ့်နေသည့်တိုင် ကစားပုံ မပျက်သွားသလို ပွဲပြီးခါနီးလေ ကစားအား ပိုကောင်းလာလေ ဖြစ်ခဲ့တဲ့ သူ့ရဲ့ ကစားသမားတွေကို ချီးကျူးသွားခဲ့ပြီး သူတို့အသင်းဟာ ရှုံးပွဲကြုံရမှာကို မုန်းတတ်နေပြီလို့လည်း ပြောကြားသွားခဲ့ပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့အသင်းက ရှုံးပွဲတွေကို မုန်းပါတယ်။ ကျွန်တော်တို့တွေ ရှုံးတော့မယ့် အရိပ်အယောင် ပေါ်လာတိုင်း ကစားသမားတွေက သူတို့ရဲ့ ကစားအားကို မြှင့်တင်ကြပါတယ်။ ပြီးတော့ သူတို့တွေက တိုက်ပွဲဝင်တယ်။ အနိုင်ရအောင် လုပ်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေပါတယ်။ ကျွန်တော်တို့က ဒီနေ့ပွဲမှာ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းကို အပြည့်အဝ မြင်တွေ့ခဲ့ရပါတယ်။ ကစားသမားတွေရဲ့ အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်အတွက် ပျော်ရွှင်မိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။