ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲမှာ ဘက်တစ်ကို ၄-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီးနောက် သူတို့အသင်းဟာ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်တဲ့ အသင်းပါလို့ ကြွေးကြော်သွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယူရိုပါလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ပထမအကျော့ပွဲ အဖြစ် လာလီဂါကလပ် ဘက်တစ်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရာ ပွဲစပွဲဆုံး ဘက်တစ်ကို တရစပ် တိုက်စစ်ဆင် ကစားသွားခဲ့ကာ ၄-၁ ဆိုတဲ့ ရလဒ်နဲ့ ခြေပြတ် ဂိုးပြတ် အနိုင်ရပြီး နောက်တဆင့် တက်ဖို့ ရာခိုင်နှုန်း များသွားခဲ့ပါတယ်။

Photo Credit: Euro Sports

မကြာသေးမီကမှ ကာရာဘောင်း ချန်ပီယံ ဖြစ်ထားတဲ့ မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ခါးသီးပြိုင်ဘက် လီဗာပူးကို ၇-၀ ဆိုတဲ့ ရလဒ်မျိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီး အဆိုပါ ရှုံးပွဲကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ဟာ ဘက်တစ်နဲ့ ပွဲမှာ ပုံမှန် ခြေစွမ်းကောင်း တရပ် ပြသနိုင်ဖို့ ရုန်းကန်ရလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်း ယှဉ်ပြိုင် ကစားကြချိန်မှာတော့ ရှုံးပွဲကြောင့် ဒေါသထွက်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က ဘက်တစ်ကို တဖက်သတ်နီးပါး ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၄-၁ ဘက်တစ် ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် သွင်းဂိုးတွေကို အဓိက ကစားသမားတွေ ဖြစ်တဲ့ ရက်ဖို့ဒ် ၊ အန်တိုနီ ၊ ဖာနန်ဒက်ဇ်နဲ့ ဗက်ဟို့စ်တို့က သွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဘက်တစ် အတွက် တလုံးထဲသော သိက္ခာဆယ် ချေပဂိုးကိုတော့ ပီရက်ဇ်က သွင်းယူပေးခဲ့တာပါ။

Photo Credit: Euro Sports

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က စံချိန်တင် ရှုံးပွဲမျိုးနဲ့ ရင်ဆိုင်ခဲ့ရသည့်တိုင် ဘက်တစ်နဲ့ပွဲမှာ အကောင်းဆုံးပုံစံနဲ့ ပြန်ကစားနိုင်ခဲ့တဲ့ ကစားသမားတွေကို ချီးကျူးသွားခဲ့သလို သူတို့အသင်းဟာ စိတ်ဓာတ်ပိုင်း ကြံ့ခိုင်တဲ့ အသင်း ဖြစ်နေပြီလို့လည်း ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်တို့ရဲ့ ခြေစွမ်းက အရမ်းကို ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ပထမပိုင်း အပြီးမှာပဲ ကျွန်တော်တို့က ၃-၀ ဆိုတဲ့ ရလဒ်မျိုးနဲ့ အနိုင်ရခဲ့သင့်ပေမယ့် ၁-၁ ဆိုတဲ့ ရလဒ်နဲ့ပဲ အဆုံးသတ်ခဲ့ရပါတယ်။ ကျွန်တော်တို့ လုပ်မိတဲ့ အမှားတခု ကနေ တဆင့် ပြန်ပေးဆပ်ခဲ့ရတာပါ။ ဒါပေမယ့် ခြုံပြောရရင် ကျွန်တော်တို့ရဲ့ ကစားပုံ ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့က တကယ်ကို ကောင်းတဲ့ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တယ်။ ကစားပုံကလည်း ကောင်းတယ်။ ပရိသတ်တွေကိုလည်း ပျော်အောင် လုပ်ပေးနိုင်ခဲ့တယ်။ ပရိသတ်တွေကလည်း ကျွန်တော်တို့ကို အားတက်စေတယ်။ ကျွန်တော်တို့က ကွင်းလယ်ပိုင်းမှာ ပိုကောင်းအောင် ကစားနိုင်ခဲ့သလို တဖက် ခံစစ်ကြောင်းရဲ့ နောက်တွေကို ပြေးပြီးလည်း ကစားနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဒီနေ့မှာ ပျော်နေပါတယ်။ အသင်းတသင်းက အခက်အခဲ တခုနဲ့ ကြုံရပြီ ဆိုရင် ဘယ်လိုမျိုး ပြန်လည် တုံ့ပြန်မလဲ ဆိုတာဟာ စောင့်ကြည့်ရမယ့် အရာတခုပါ။ ဒီတကြိမ်က ကျွန်တော်တို့တွေ ဒီရာသီမှာ ပထမဦးဆုံး အကြိမ် အခက်အခဲတွေကို ပြန်လည် တွန်းလှန်နိုင်ခဲ့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှုံးတယ် ၊ ပြီးရင် ပြန်လာတယ်။ ဒီလိုမျိုး လုပ်ပြနေတာ ၅ကြိမ် ၊ ၆ကြိမ် ရှိနေပါပြီ။ ကျွန်တော်တို့က စိတ်ဓာတ်ပိုင်း ကြံ့ခိုင်တဲ့ အသင်းမျိုး ဖြစ်နေပါပြီ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။