ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က လတ်တလောမှာ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားဟာ အသင်းရဲ့ စံပြကစားသမား ဖြစ်ကြောင်း ဘရိုက်တန်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဆီဗီးလားကို အဝေးကွင်းမှာ ၃-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ နှစ်ကျော့ပေါင်း ရလဒ် ၅-၂နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ဆီဗီးလားတို့ ယှဉ်ပြိုင် ကစားခဲ့တဲ့ နှစ်ကျော့စလုံးမှာ မက်ဂွိုင်းယားဟာ အမှားတွေ ကျူးလွန်မိခဲ့ကာ သူ့ရဲ့ အမှားတွေ ကနေ တဆင့် ဆီဗီးလားဟာ သွင်းဂိုး ၂ဂိုး အထိ ရရှိခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ယူရိုပါလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရတာကြောင့် ဒေါသထွက်နေတဲ့ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက အသင်းခေါင်းဆောင် ဟယ်ရီ မက်ဂွိုင်းယားကို ပြင်းပြင်းထန်ထန် ဝေဖန်နေကြသလို မက်ဂွိုင်းယားဟာ အသင်းခေါင်းဆောင်လက်ပတ်နဲ့ မထိုက်တန်သလို လာမယ့် နွေဈေးကွက် အတွင်းမှာ မက်ဂွိုင်းယားကို ရတဲ့ ဈေးနဲ့ ရောင်းထုတ်ဖို့ အသင်းကို တောင်းဆိုနေကြပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ မက်ဂွိုင်းယားအပေါ် ယုံကြည်နေဆဲ ဖြစ်ပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာလည်း တန်ဟက်ဂ်က မက်ဂွိုင်းယားဟာ လေ့ကျင့်ရေးကွင်းမှာ ဆိုရင် အသင်းရဲ့ စံပြကစားသမား ဖြစ်ကြောင်း ဆိုလာပါတယ်။

Photo Credit: Sky Sports

တန်ဟက်ဂ်က – “မက်ဂွိုင်းယားဟာ အသင်းရဲ့ အရေးပါတဲ့ ကစားသမားပါ။ သူက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ပါ။ သူက အသင်းကို ဦးဆောင်တယ်။ သူက ကစားသမားတွေ ကိုယ်စား နည်းပြနဲ့ ဆက်သွယ်တယ်။ သူက အသင်းကို စိတ်ဓာတ် မြှင့်တင်ပေးတယ်။ သူက လေ့ကျင့်ရေးကွင်းမှာ ဆိုရင် အားလုံးရဲ့ စံပြကစားသမားပါပဲ” ဆိုပြီး မက်ဂွိုင်းယားကို ချီးကျူးစကား ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။