ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က လတ်တလောမှာ ရလဒ်ဆိုးတွေနဲ့ ကြုံနေရပေမယ့် သူကသာ မန်ချက်စတာ ယူနိုက်တက်နဲ့ အသင့်တော်ဆုံးနည်းပြ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၅၄နှစ် အရွယ် နယ်သာလန်လူမျိုး နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်က သူ့ကို ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Sky Sports

အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့လာပြီးနောက် ကတ်စ်မဲရိုး ၊ မာတီနက်ဇ် ၊ အဲရစ်ဆင် စတဲ့ မှန်ကန်တဲ့ ကစားသမား ခေါ်ယူမှုတွေကို လုပ်နိုင်ခဲ့သလို အသင်းအတွက် မှန်ကန်တဲ့ နည်းစနစ်တွေကို ချမှတ်ပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့ ပထမဦးဆုံးရာသီမှာပဲ မန်ချက်စတာ ယူနိုက်တက်ကို ကာရာဘောင်းဗိုလ်လုပွဲနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲတွေဆီ ပို့ဆောင်ပေးနိုင်ခဲ့ကာ ကာရာဘောင်းချန်ပီယံ ဖြစ်အောင်လည်း ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။

ပထမဦးဆုံး ဘောလုံးရာသီမှာ အောင်မြင်မှုတွေ တပွေ့တပိုက် ရရှိခဲ့တာကြောင့် တန်ဟက်ဂ်က သူ့ရဲ့ ဒုတိယမြောက်ရာသီမှာလည်း အောင်မြင်မှုတွေ ဆက်ယူနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တန်ဟက်ဂ်ရဲ့ ဒုတိယမြောက်ရာသီမှာ မန်ချက်စတာ ယူနိုက်တက်က မကြုံဖူးလောက်အောင် ဒဏ်ရာရ ကစားသမား များပြားခဲ့သလို ရလဒ်ဆိုးတွေလည်း ဆက်တိုက် ရရှိခဲ့ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်ရဲ့ တာဝန်ရှိသူတွေက တန်ဟက်ဂ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားနေကြကာ တန်ဟက်ဂ်ကတော့ သူကသာ မန်ချက်စတာ ယူနိုက်တက်ကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်တဲ့ နည်းပြ ဖြစ်ပြီး သူဟာ ယူနိုက်တက်ကို လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်ဖို့ အတွက် တောင့်တင်းတဲ့ လူစာရင်းကိုတော့ လိုအပ်တယ်လို့ ဆိုလာပါတယ်။

တန်ဟက်ဂ်က – “ကျွန်တော်က မန်ချက်စတာ ယူနိုက်တက်ကို ရလဒ်ဆိုးတွေထဲ ကနေ ဆွဲထုတ်ပြီး လမ်းကြောင်းမှန်ပေါ် တင်ပေးနိုင်မယ့် မှန်ကန်တဲ့နည်းပြပါ။ တကယ်လို့ ကစားသမားကောင်းတွေသာ ဒဏ်ရာ ကင်းနေမယ် ဆိုရင် ကျွန်တော်တို့မှာ တောင့်တင်းတဲ့ လူစာရင်း တခု ရှိနေမှာပါ။ ဒါပေမယ့် အခု ကျွန်တော်တို့ရဲ့ ခံစစ်ကြောင်း တခုလုံးနီးပါးက ဒဏ်ရာတွေ ရနေကြပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့က ပြဿနာတွေနဲ့ ရင်ဆိုင်နေရတာပေါ့” လို့ ပြောကြားသွားခဲ့တာပါ။