မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်က အင်္ဂလန်နဲ့ ဆာဘီးယားအသင်းတို့ရဲ့ ယူရို-၂၀၂၄ပြိုင်ပွဲကို နယ်သာလန် ရုပ်သံတစ်ခုမှာ pundit အဖြစ် ပါဝင်ဆောင်ရွက်ရင်း ယူနိုက်တက်နဲ့ သူနဲ့ကြားက အကြောင်းကိစ္စတွေကို ထုတ်ဖော် ပြောကြားမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

နည်းပြ တန်ဟက်ဂ်ဟာ ယူနိုက်တက်အသင်းကို (၂)ရာသီအထိ ကိုင်တွယ်ခဲ့ပြီး (၂)ရာသီလုံးမှာ ဆုဖလား ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃-၂၄ ရာသီအပြီးမှာတော့ အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံရဖို့ အနီးစပ်ဆုံး အခြေအနေအထိ ရောက်ရှိခဲ့ပြီးနောက်ပိုင်းမှသာ အသင်းနည်းပြအဖြစ် ဆက်လက် တာဝန်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit : The European Lad

ယူနိုက်တက်ရဲ့ ပူးတွဲ ပိုင်ရှင်ဖြစ်တဲ့ ဆာဂျင်ရက်ကလစ်ဖ်တို့ဘက်ကလည်း သောမတ်စ် တူဟယ်လ် အပါအဝင် နည်းပြများစွာကို ဆက်သွယ်ခဲ့ပြီး တန်ဟက်ဂ်နေရာမှာ အစားထိုးဖို့ ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ တန်ဟက်ဂ်ကိုပဲ ဆက်လက် ကိုင်တွယ်ဖို့နဲ့ စာချုပ်သက်တမ်းပါ ထပ်တိုးဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

“မန်ချက်စတာ ယူနိုက်တက်က သူတို့ တူဟယ်လ်နဲ့ စကားပြောဖြစ်ခဲ့တယ်ဆိုပြီး ကျွန်တော့်ကို ပြောလာခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဆီမှာ အကောင်းဆုံး နည်းပြ ရှိနေပြီဖြစ်လို့ တူဟယ်လ်နဲ့ ဆွေးနွေးမှုကိုပါ အဆုံးသတ်ခဲ့တယ်လို့လည်း ပြောပါသေးတယ်။ အသင်းဘက်ကလည်း အားလပ်ရက်မှာ အနားယူနေတဲ့ ကျွန်တော့်ဆီကို ရုတ်တရက် ရောက်လာခဲ့ပြီး ဒီအကြောင်းအရာတွေကို ပြောလာခဲ့တယ်။”

Photo Credit : The European Lad

“INEOS တို့ဆိုတာကလည်း ဘောလုံးလောကမှာ မျက်နှာသစ်လို ဖြစ်နေတာမို့ အချိန်ယူရတယ် ဘောလုံးရာသီတစ်ခုလုံးကို ပြန်ပြီး review လုပ်ရတယ်ဆိုတာတွေကို ဒါသာမာမန်ပါပဲ။ နောက်ပြီး သူတို့ ပစ်မှတ်ထားခဲ့တဲ့ နည်းပြတွေနဲ့ ဆွေးနွေးခဲ့တယ်ဆိုတာတွေကလည်း လျှို့ဝှက်စရာကိစ္စ မဟုတ်ပါဘူး။”

“ဟော်လန်မှာဆိုရင်တော့ ဒီလိုတွေ လုပ်ကြမှာ မဟုတ်သလို လုပ်ခွင့်လည်း မရှိဘူးဆိုပေမယ့် အင်္ဂလန်မှာကျတော့ ကွဲပြားခြားနားပါတယ်။ နောက်ပြီးတော့ ကျွန်တော်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ကြားမှာလည်း စာချုပ်သစ်ကိစ္စအတွက် သဘောတူညီချက်တစ်ခု ရရှိဖို့ ဆက်လက် လုပ်ဆောင်နေဆဲပါပဲ။ ဒါက လွယ်လွယ်နဲ့တော့ မပြီးသွားနိုင်ပါဘူး။ ဒီကိစ္စအတွက် ကျွန်တော်တို့ ဆက်ပြီး ဆွေးနွေးသွားရဦးမှာပါ။” လို့ တန်ဟက်ဂ်က ပြောဆိုသွားခဲ့ပါတယ်။