မနေ့ကပဲ မန်ချက်စတာယူနိုက်တက်အသင်းက လာမယ့် နွေရာသီမှာ နောက်ခံကစားသမား ဖီးလ်ဂျုံးစ်နဲ့ လက်တွဲဖြုတ်တော့မယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ်က သူ့အနေနဲ့ အသင်းဆီ စရောက်ကတည်းက ဖီးလ်ဂျုံးစ် လေ့ကျင့်ခန်းဆင်းတာ မိနစ်(၂၀)လောက်သာ မြင်ခဲ့ရတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : TEAMtalk

အသက်(၃၁)နှစ်အရွယ် ရှိပြီဖြစ်တဲ့ နောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ လွန်ခဲ့တဲ့ ၂၀၁၁ခုနှစ်ကတည်းက ဘလက်ဘန်းကနေ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အရည်အသွေး ရှိတဲ့ ကစားသမား ဖြစ်ပေမယ့်လည်း ဒဏ်ရာပြဿနာတွေနဲ့ လုံးပန်းနေခဲ့ရာကနေ နောက်ဆုံး (၃)နှစ်ခွဲအတွင်း ယူနိုက်တက်အတွက် (၅)ပွဲသာ ပါဝင်ခဲ့ရပါတယ်။ အခုဆိုရင်တော့ ဂျုံးစ်ဟာ ယူနိုက်တက်အသင်းကနေ free transfer နဲ့ပါ ထွက်ခွာသွားရတော့မယ့် အခြေအနေကို ရောက်ရှိလာခဲ့ရပြီဖြစ်ပြီး ယူနိုက်တက်ဘက်ကလည်း ဒီနွေမှာ ဂျုံးစ် အပါအဝင် အသင်းရဲ့ ပိုလျှံနေတဲ့ ကစားသမားတချို့ကို ထပ်မံ ရှင်းလင်းသွားဖွယ် ရှိနေပါတယ်။

Photo Credit : Football365

ဖီးလ်ဂျုံးစ်နဲ့ ပတ်သက်ပြီး သူ အသင်းနဲ့ လေ့ကျင့်ခန်းဆင်းတာကို မြင်ဖူးသလားလို့ တန်ဟက်ဂ်ကို မေးမြန်းခဲ့ရာ “ဟုတ်ကဲ့ မြင်ဖူးပါတယ်။ မိနစ်(၂၀)လောက်။ ပထမဆုံး လေ့ကျင့်ခန်း အစီအစဉ်မှာပဲ။ သူ့မှာ အောင်မြင်မှုတွေနဲ့ ကောင်းမွန်တဲ့ ကစားသမားဘဝတစ်ခုကို ပိုင်ဆိုင်ခဲ့ရတယ်။ ပရီးမီးယားလိဂ်ဖလားရတယ်။ အက်ဖ်အေဖလားရတယ်။ ယူရိုပါလိဂ်ဖလားရတယ်။ ကမ္ဘာ့ဖလားကိုလည်း (၂)ကြိမ် ဝင်ရောက် ဆင်နွဲရတယ်။ ယူနိုက်တက်မှာ ကြီးကျယ်တဲ့ ကစားသမားဘဝကို ရရှိခဲ့ပါတယ်။ သူရဲ့ကစားသမားဘဝအတွက် ဂုဏ်ယူစရာတွေပါပဲ” လို့ ပြန်လည် ဖြေဆိုသွားခဲ့ပါတယ်။

ဂျုံးစ်ဟာ ယူနိုက်တက်အသင်းမှာ ကစားသမားဘဝကို (၁၂)နှစ်တာအထိ ဖြတ်သန်းခဲ့ရပေမယ့်လည်း ပွဲပေါင်း (၂၂၉)ပွဲခန့်သာ ကစားထားခဲ့ရသလို နောက်ပိုင်း ဘောလုံးရာသီတွေထဲမှာတော့ ပွဲကစားခွင့်တွေက မရှိသလောက် နည်းပါးလာခဲ့ရပါတယ်။ ဂျုံးစ်ဟာ အင်္ဂလန် လက်ရွေးစင်အသင်းအတွက်ကိုလည်း (၂၇)ပွဲအထိ ပါဝင်ထားခဲ့ဖူးပါတယ်။