ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယခုနှစ် ဘောလုံးရာသီမှာ လူငယ်ခံစစ်မှူး ကမ်ဘွာလာကို နေရာပေး အသုံးပြုကာ စင်တင်ပေးခဲ့ပြီးနောက် နောက်ထပ် လူငယ်ခံစစ်မှူး တဦးကို ထပ်မံ မွေးထုတ်ဖို့ ပြင်ဆင်နေကြောင်း ယုံကြည်ရတဲ့ သတင်ရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အဲရစ် တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိပြီးနောက် မာတီနက်ဇ် ၊ အန်တိုနီ ၊ ဟွိုက်လန်း ၊ ကတ်စ်မဲရိုး ၊ အိုနာနာ ၊ မေဆန်မောင့် စတဲ့ ကစားသမားတွေကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူကာ အသင်းကို အားဖြည့်မှုတွေ လုပ်ခဲ့သလို တဖက်မှာလည်း ဂါနာချို ၊ ကိုဘီ မိုင်နူး ၊ ကမ်ဘွာလာ ၊ ဖော်ဆန် စတဲ့ ကစားသမားတွေကို မွေးထုတ်ပေးခဲ့ပါတယ်။

Photo Credit: Standard

တန်ဟက်ဂ်ရဲ့ မှန်ကန်တဲ့ သင်ပြပေးမှုတွေကြောင့် ဂါနာချိုနဲ့ ကိုဘီ မိုင်နူးတို့ဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အားကိုးရတဲ့ လူငယ်ကြယ်ပွင့်တွေ ဖြစ်လာကြသလို အဓိက ခံစစ်မှူးတွေ ဖြစ်ကြတဲ့ မာတီနက်ဇ် ၊ ဗာရန်း ၊ လင်ဒီလော့ဖ်တို့ ဒဏ်ရာတွေ အသီးသီး ရခဲ့ချိန်မှာလည်း ကမ်ဘွာလာက အသင်းရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ထိန်းထားပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက်က ကမ်ဘွာလာ အပါအဝင် ဗဟိုနောက်ခံလူ ၆ဦး အထိ ပိုင်ဆိုင်ထားပေမယ့် မာတီနက်ဇ် ၊ ဗာရန်း ၊ လင်ဒီလော့ဖ် ၊ အီဗန်စ် စတဲ့ ခံစစ်မှူးတွေက ဒဏ်ရာတွေ ရထားတာကြောင့် မက်ဂွိုင်းယားနဲ့ ကမ်ဘွာလာတို့ နှစ်ဦးထဲကသာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ ဗဟိုနောက်ခံလူတွေ အဖြစ် ကျန်ရှိနေပြီး တန်ဟက်ဂ်က မက်ဂွိုင်းယားနဲ့ ကမ်ဘွာလာတို့ရဲ့ အရန် ဗဟိုခံစစ်မှူး အဖြစ် ကစားနိုင်စွမ်း ရှိတဲ့ လူငယ်ခံစစ်မှူး တဦးကို ယခုတပတ်ထဲမှာပဲ လူငယ်အသင်း ကနေ အသင်းကြီးဆီ ခေါ်ယူကာ စတင် လေ့ကျင့်ပေးနေပါတယ်။

Photo Credit: Mirror

တန်ဟက်ဂ်ရဲ့ ရွေးချယ်မှုကို ခံလိုက်ရတဲ့ လူငယ်ခံစစ်မှူးကတော့ အသက် ၁၈နှစ်သာ ရှိသေးတဲ့ စကော့တလန် ယူ-၁၉ လက်ရွေးစင် ကင်းဒွန် ဖြစ်ပြီး ညာခြေအားသန် ဗဟိုခံစစ်မှူး ကင်းဒွန်ဟာ ဗဟိုခံစစ်နေရာမှာ အဓိက ကစားပေမယ့် လိုအပ်ရင် ညာနောက်ခံလူ အဖြစ်ပါ ကစားနိုင်စွမ်း ရှိကာ သူဟာ ယခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက်ရဲ့ လူငယ်အသင်းတွေ အတွက် ပြိုင်ပွဲစုံမှာ ၂၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂ဂိုး သွင်းယူထားနိုင်ပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ မန်ချက်စတာ ညနေခင်းသတင်းဌာနရဲ့ ဖော်ပြချက်အရ တန်ဟက်ဂ်က ယခုအပတ်ထဲမှာ ကင်းဒွန်ကို လူငယ်အသင်း ကနေ အသင်းကြီး ခေါ်ယူကာ လေ့ကျင့်မှုတွေ လုပ်ပေးနေပြီး တန်ဟက်ဂ်ဟာ ကင်းဒွန်ကို ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ဘုန်းမောက်နဲ့ မန်ချက်စတာ ယူနိုက်တက် ပွဲစဉ်ရဲ့ လူစာရင်းထဲမှာ ထည့်သွင်းဖို့ ရာခိုင်နှုန်း များနေကြောင်း သိရှိရပါတယ်။