ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြချုပ် ဖြစ်သူ အဲရစ် တန်ဟက်ဂ်က ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု တတိယ ပွဲစဉ်မှာ ကိုပင်ဟေဂင်ကို ခက်ခက်ခဲခဲ ကစားကာ အနိုင်ရလဒ် ရရှိခဲ့ပြီးနောက် အသင်းအတွက် တလုံးထဲသော အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ မက်ဂွိုင်းယားအား အထူးတလည် ချီးကျူးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘိုင်ယန်မြူးနစ် ၊ ဂါလာတာစာရေး ၊ ကိုပင်ဟေဂင် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေသလို အုပ်စုအဖွင့်ပွဲ ၂ပွဲမှာ ဘိုင်ယန်မြူးနစ်နဲ့ ဂါလာတာစာရေးတို့ကို ဆက်တိုက် ရှုံးနိမ့်ထားတာကြောင့် ကိုပင်ဟေဂင်ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်ခဲ့ပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ တန်ဟက်ဂ်က ကိုပင်ဟေဂင်ကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံ ကစားခဲ့ရစဉ် အဓိက ကစားသမား အစုံအလင်ကို ထည့်သွင်းကာ နိုင်ပွဲ ရရှိရေး အတွက် အားထည့် ကစားစေခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ပထမပိုင်းမှာ အထလေးနေခဲ့တာကြောင့် ပုံမှန်ခြေစွမ်း ရဖို့ ရုန်းကန်ခဲ့ရသလို ဧည့်သည် ကိုပင်ဟေဂင်ကတောင် အဖွင့်ဂိုး ရနိုင်တဲ့ အခြေအနေတွေ ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်ကြောင်းကို ဦးဆောင်ခဲ့တဲ့ မက်ဂွိုင်းယားနဲ့ ဂိုးသမား အိုနာနာတို့က ကိုပင်ဟေဂင်ရဲ့ တိုက်စစ်ဆင်မှုတွေကို စွမ်းစွမ်းတမံ ခုခံ ကာကွယ်ပေးခဲ့သလို သူတို့နှစ်ဦးက ယူနိုက်တက်ရဲ့ နိုင်ပွဲအတွက် အဓိကကျတဲ့ ကစားသမားတွေ ဖြစ်ခဲ့ကြပါသေးတယ်။

Photo Credit: Express

ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားက ပွဲချိန် ၇၂မိနစ်မှာ အသင်းဖော် အဲရစ်ဆင်ရဲ့ ပေးပို့မှုကို အကောင်းဆုံး ခေါင်းတိုက် အဆုံးသတ်ကာ အသင်းအတွက် တလုံးထဲသော အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့သလို ဂိုးသမား အိုနာနာကလည်း ပွဲချိန် နောက်ဆုံးမိနစ်မှာ ပေးခဲ့ရတဲ့ ပင်နယ်တီကို အကောင်းဆုံး ကာကွယ်ပြကာ အသင်းအတွက် နိုင်ပွဲကို ယူဆောင်ပေးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၁-၀ ကိုပင်ဟေဂင် ပွဲအပြီးမှာတော့ ယူနိုက်တက်နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က ကာလရှည် ပွဲထွက်ခွင့် အတွက် တိုက်ပွဲဝင်ခဲ့ရပေမယ့် အခုချိန်မှာ ခြေစွမ်းကောင်းတွေ ပြန်လည် ပြသထားနိုင်တဲ့ မက်ဂွိုင်းယားကို အထူးတလည် ချီးကျူးသွားခဲ့ပြီး မက်ဂွိုင်းယားရဲ့ ကစားပုံ အတွက် အားရကျေနပ်ကြောင်း ဆိုပါတယ်။ တန်ဟက်ဂ်က – “ဟယ်ရီ မက်ဂွိုင်းယားဟာ ဒီနေ့ပွဲမှာ တက်တက်ကြွကြွ ကစားသွားနိုင်ခဲ့ပါတယ်။ သူက တိုက်စစ်ဆင်တဲ့ ပေးပို့မှုတွေ အများကြီး လုပ်ခဲ့သလို ခံစစ်ကြောင်းကိုလည်း ဦးဆောင်ပြခဲ့ပါတယ်။ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရချိန်မှာလည်း ယုံကြည်မှု အပြည့်နဲ့ ကစားပြခဲ့သလို ပြိုင်ဘက်တွေအပေါ် လွှမ်းမိုးနိုင်ခဲ့ပါသေးတယ်။ သွင်းဂိုးအတွက် အဲရစ်ဆင်က ထိပ်တန်းအဆင့် ပေးပို့မှုကို လုပ်ခဲ့သလို မက်ဂွိုင်းယားရဲ့ ခေါင်းတိုက်ချက်ကလည်း ကောင်းခဲ့ပါတယ်” လို့ ပြောကြားကာ မက်ဂွိုင်းယားကို ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။